ဒုတိယအသုတ်အဖြစ် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ ကို ရန်ကုန်သို့ စေလွှတ်

ဒုတိယအသုတ်အဖြစ် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ ကို ရန်ကုန်သို့ စေလွှတ်
ဓာတ်ပုံ - စောသန်းထိုက်ဦး

အောက်တိုဘာ ၂၊ ၂၀၂၀

ဒုတိယအသုတ်အဖြစ် ကယားပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း ၂၀ ဦးသည် ရန်ကုန်မြို့ရှိ COVID-19 ကုသရေး ဌာနများတွင် စေတနာ့ဝန်ထမ်းအဖြစ် ထပ်မံသွားရောက် ကူညီရန် အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က ထွက်ခွာသွားသည်။

COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကွင်းဆင်းကူညီပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကြောင်းကြားလာသည့်အတွက် ကယားပြည်နယ်ရှိ ကျန်းမာရေး ဝန်ထမ်းများကို ဒုတိယအကြိမ် ထပ်မံ ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ပထမအသုတ်အဖြစ် စက်တင်ဘာလလယ်က ရန်ကုန်မြို့ရှိ  ဖောင်ကြီး COVID-19 ရောဂါကုသရေးဌာနနှင့် ဒဂုံဆိပ်ကမ်း COVID-19 ကုသရေးဌာနတို့တွင် ၁၀ ဦးစီ ခွဲ၍ ပို့ဆောင်ထားပြီး ဖြစ်သည်။

ယခု ဒုတိယအကြိမ် သွားရောက် ကူညီမည့် ကျန်းမာရေးဝန်ထမ်းများကို ရန်ကုန်မြို့ရှိ ဦးဇော်ဇော် လှူဒါန်းထားသည့် COVID-19 ကုသရေးဌာန (သုဝဏ္ဏ အားကစားကွင်း) သို့ ပို့ဆောင်သွားမည် ဖြစ်ကြောင်း ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်က မဇ္ဈိမကို ပြောသည်။

ဒေါက်တာဌေးလွင်က “ပထမ အကြိမ်တုန်းကတော့ ပြည်နယ် အစိုးရကနေပြီးတော့ သူနာပြုတစ်ဦးကို တစ်သိန်းစီနဲ့ သိန်း၂၀ ပေးထားတာ ရှိပါတယ်။ ကျွန်တော့်ဆီမှာရှိပါတယ်။ အခုသွားတဲ့ အဖွဲ့တွေကိုလည်း သူနာပြု ၂၀ အတွက်ကို ပြည်နယ်အစိုးရကနေပြီးတော့ တစ်ဦးလျှင် တစ်သိန်းကျပ်စီနှုန်းနဲ့ မနေ့က ထောက်ပံ့လိုက်ပါတယ်။ ဒီအပြင် လွိုင်ကော်မှာရှိတဲ့ ဦးဒယ်နီရယ်က တစ်ယောက်ကို ငါးသောင်းနှုန်းနဲ့ ၁၀ သိန်း ထောက်ပံ့တာ ဖြစ်ပါတယ်။ နောက် သူနာပြုနဲ့ သားဖွားအသင်းကလည်း တစ်ယောက်ကို ကျပ် နှစ်သောင်းနှုန်းနဲ့ လေးသိန်း ထောက်ပံ့ပြီးတော့ ကျွန်တော်နဲ့ ဆရာမကြီးက စုစုပေါင်း တစ်သိန်း ထောက်ပံ့ပေးတာ ရှိပါတယ်” ဟု ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ရန်ကုန်သို့ သွားရောက်မည့် ကျန်းမာရေးဝန်ထမ်းများကို မယ်စဲ့မြို့နယ်မှ သူနာပြုဆရာမက ဦးဆောင်၍ သွားရောက်မည်ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းအသစ်အများစု ပါဝင်ကြောင်း ဒေါက်တာ ဌေးလွင်းက ရှင်းပြသည်။

“အထူးသဖြင့် အခုမှ အလုပ်ဝင်တဲ့ သူနာပြုအသစ်များ ပါတယ်။ ဟိုကျရင် လုပ်ရမယ့် အလုပ်ကလည်း အသည်းအသန် ဖြစ်နေတဲ့ လူနာတွေကြားထဲမှာ မဟုတ်ပါဘူး။ ဧရာဝတီ စင်တာကတော့ ပိုးတော့တွေ့တယ်၊ သို့သော် အသည်းအသန် မဟုတ်တဲ့ လူနာတွေ၊ အနံ့မရ ရောဂါပိုးရှိတဲ့ လူနာတွေကိုပဲ ပြုစု စောင့်ရှောက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်သူ့ကျန်းမာရေး ပညာရှင်များနှင့် စီမံခန့်ခွဲမှုပညာရှင်များ ပါဝင်သည့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး ကွင်းဆင်းအဖွဲ့ သုံးဖွဲ့သည် စက်တင်ဘာ ၁၅ ရက်နေ့က  နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် ဆောင်ရွက်နေသည့် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ၊ အသွားအလာ ကန့်သတ်ခြင်း (quarantine) လုပ်ငန်းများတို့တွင် ထပ်မံပံ့ပိုး အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

ကယားပြည်နယ်သည် ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကင်းစင်းနေသည့် တစ်ခုတည်းသော ပြည်နယ် အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။ ပြည်နယ်အတွင်း အဝင်အထွက် စောင့်ကြည့်နေသည့် ဂိတ်များကိုလည်း အထူး ကြပ်မတ် ဆောင်ရွက်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly