တရုတ်အမျိုးသားနေ့ကျင်းပစဉ် ဟောင်ကောင်မှာ လုံခြုံရေးရဲ အင်အားအပြည့်ချထား 

တရုတ်အမျိုးသားနေ့ကျင်းပစဉ် ဟောင်ကောင်မှာ လုံခြုံရေးရဲ အင်အားအပြည့်ချထား 
Photo - AFP

အောက်တိုဘာ ၂ 

ဟောင်ကောင်မှာ အောက်တိုဘာ ၁ ရက်က တရုတ်အမျိုးသားနေ့ နှစ်ပတ်လည်အခမ်းအနား ကျင်းပနေစဉ်မှာ ဆန္ဒပြပွဲအလားအလာတွေကို ထိန်းချုပ်နိုင်ဖို့ ရဲတွေအင်အားပြည့် ချထားပါတယ်။  

ဟောင်ကောင်ရဲ့လူစည်းကားရာနေရာဖြစ်တဲ့ Causeway Bay မှာလည်း ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ဂျော့ရွှာဝေါင်ကို တွေ့မြင်ရပြီး အဲဒီနေရာနဲ့ တခြားမြို့အနှံ့အပြားမှာ လုံခြုံရေးတွေ ထောင်နဲ့ချီပြီး စောင့်ကြပ်နေကြပါတယ်။  

မနှစ်က ဒီမိုကရေစီလှုပ်ရှားမှုတွေကို ချေမှုန်းဖို့ တရုတ်က ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးဥပဒေပြဋ္ဌာန်းလိုက်ပြီးတဲ့နောက် မြို့ဟာ ပြန်လည်ငြိမ်းချမ်းလာပြီလို့ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက တရုတ်အမျိုးသားနေ့နှစ်ပတ်လည်အခမ်းအနားမှာ ပြောလိုက်ပါတယ်။  

တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်တဲ့ ၇၁ နှစ်မြောက်အဖြစ် အောက်တိုဘာလ ၁ ရက်နေ့မှာ အခမ်းအနားကျင်းပတာဖြစ်ပါတယ်။  

ဒါပေမယ့် ဟောင်ကောင်မှာတော့ အာဏာရှင်ပေကျင်းရဲ့ အတိုက်အခံတွေကို ပြင်းထန်တဲ့ချေမှုန်းမှုအပေါ် စိုးရိမ်နေသူတွေအတွက်  မကျေနပ်စရာ နေ့တစ်နေ့ ဖြစ်လာပါတယ်။ 

ကြာသပတေးနေ့ မနက်က လုံခြုံရေးနဲ့အတားအဆီးတွေ အပြည့်အဝချထားတဲ့ အမျိုးသားနေ့အထိမ်းအမှတ်ကို ကယ်ရီလမ်းနဲ့တရုတ်ပြည်မကြီးက ထိပ်ပိုင်းတာဝန်ရှိသူတွေ တက်ရောက်နေစဉ်မှာ ကောင်းကင်ယံမှာ ရဟတ်ယာဉ်တွေပါ ပျံသန်းပြီး စောင့်ကြပ်ခဲ့ကြပါတယ်။  

“ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ ကျွန်မတို့အဖွဲ့အစည်း ငြိမ်းချမ်းရေးပြန်လှည့်လာပြီဆိုတာ မငြင်းနိုင်ပါဘူး။ အမျိုးသားလုံခြုံရေးက ဟောင်ကောင်ကို ကာကွယ်ပေးခဲ့ပြီး ဟောင်ကောင်သားတွေဟာလည်း သူတို့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို ဥပဒေတွေနဲ့အညီ တစ်ဖန်ကျင့်သုံးနိုင်ပါလိမ့်မယ်” လို့ ကယ်ရီလမ်းက ပြောပါတယ်။  

ပြီးခဲ့တဲ့နှစ်က ခုနစ်လကြာ ဒီမိုကရေစီအရေးဆန္ဒပြမှုတွေအတောအတွင်း နှစ် ၇၀ ပြည့် အမျိုးသားနေ့အထိမ်းအမှတ်မှာတော့ ရဲတွေနဲ့ ဆန္ဒပြသူတွေ ပဋိပက္ခဖြစ်ပွားခဲ့ကြပါတယ်။   

ဒီနှစ်မှာတော့ အများပြည်သူကြား လူလေးဦးထက်မစုရဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ်နှိမ်နင်းရေး တားမြစ်ချက်နဲ့ လုံခြုံရေးအကြောင်းပြချက်တွေကို အကြောင်းပြုပြီး အာဏာပိုင်တွေက ချီတက်ဆန္ဒပြပွဲပြုလုပ်ခွင့်ကို တားမြစ်ခဲ့တာဖြစ်ပါတယ်။  

ဟောင်ကောင်အစိုးရဟာ ဟောင်ကောင်သားတွေ မဲပေးခွင့်ရတဲ့ စက်တင်ဘာ ဒေသန္တရရွေးကောက်ပွဲတွေကိုလည်း ကပ်ရောဂါအကြောင်းပြချက်နဲ့ တစ်နှစ်ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။  

ကြာသပတေးနေ့ကတော့ ဆန္ဒပြပွဲတွေကို တားဆီးဖို့ လုံခြုံရေးရဲ ၆ ၀၀၀ ခန့် တပ်ဖြန့်ထားခဲ့ပြီး အရေးပေါ်အခြေအနေအတွက် အရန်အဖြစ်ထားတဲ့ အင်အား နှစ်ဆလောက်ရှိတယ်လို့ ရဲတစ်ဦးက AFP ကိုပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly