အငြင်းပွားဖွယ် နာဂေါ်နို ကာရာဘက်ခ်ဒေသတွင် တင်းမာမှုများအရှိန်မြင့် 

အငြင်းပွားဖွယ် နာဂေါ်နို ကာရာဘက်ခ်ဒေသတွင် တင်းမာမှုများအရှိန်မြင့် 
Clashes broke out over the disputed territory of Nagorno-Karabakh on Sunday [Azerbaijani Defence Ministry/AFP]

အောက်တိုဘာ ၁  

အဇာဘိုင်ဂျန်နိုင်ငံမှ ခွဲထွက်လာသော အာမေးနီးယားလူမျိုးများ အဓိကနေထိုင်ရာ နာဂေါ်နို ကာရာဘက်ခ်ဒေသတွင် တနင်္ဂနွေနေ့ကတည်းက တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေသောကြောင့် နိုင်ငံတကာစိုးရိမ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ 

တန်ပြန်ထိုးစစ် 

ကော်ကေးဆပ်ဒေသရှိ ယခင်ဆိုဗီယက်နိုင်ငံများဖြစ်သော အာမေးနီးယားနှင့် အဇာဘိုင်ဂျန်တို့သည် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော အငြင်းပွားပိုင်နက်၌ တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ပြင်းထန်သည့်တိုက်ပွဲများနှင့်စပ်လျဉ်း၍ တိုက်ပွဲအစပျိုးသူအဖြစ် အချင်းချင်း အပြန်အလှန် စွပ်စွဲခဲ့ကြပြီး ၂၀၁၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး တိုက်ပွဲဖြစ်သည်။ 

အာမေးနီးယားလူမျိုး ခွဲထွက်ရေးသမားများသည် ၁၉၉၀ ပြည့်နှစ်အလွန်စစ်ပွဲ၌ အဇာဘိုင်ဂျန်ဆီက နာဂေါ်နိုကာရာဘက်ခ်ဒေသကို သိမ်းယူခဲ့ပြီး တိုက်ပွဲများကြောင့် လူပေါင်း ၃၀ ၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။ ထိုအချိန်မှစ၍ အဇာဘိုင်ဂျန်တပ်များနှင့် ပုန်ကန်သူများအကြား သာမက အဇာဘိုင်ဂျန်နှင့်အာမေးနီးယားနိုင်ငံအကြား ပဋိပက္ခများ အမြဲလိုလို ဖြစ်ပွားခဲ့သည်။ တနင်္ဂနွေနေ့၌ အဇာဘိုင်ဂျန်ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူများလုံခြုံမှုရှိစေရန်နှင့် အာမေးနီးယား၏ တိုက်ခိုက်ရေးလှုပ်ရှားမှုကို နှိမ်နင်းရန် တန်ပြန်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း ပြောသည်။ ခွဲထွက်ရေးဒေသအာဏာပိုင်များက ၎င်း၏တပ်ဖွဲ့များသည် အဇာဘိုင်ဂျန် ရဟတ်ယာဉ်နှစ်စင်းနှင့် ဒရုန်းယာဉ်သုံးစင်းကို ပစ်ချခဲ့ကြောင်းပြောခဲ့သော်လည်း အဇာဘိုင်ဂျန်က ရဟတ်တစ်စင်းသာ ဆုံးရှုံးသည်ဟု ဆိုသည်။  

၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲရာမှ ပေါက်ပေါက်ခဲ့သော အဆိုးရွားဆုံး ပဋိပက္ခတစ်ခုကိုဖြေရှင်းရန် ဆွေးနွေးမှုများသည် ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ချုပ်ဆိုပြီးနောက်ပိုင်း ရပ်တန့်သွားခဲ့သည်။ ပြင်သစ်၊ ရုရှားနှင့်အမေရိကန်တို့က Minsk Group အဖြစ် ငြိမ်းချမ်းရေးရအောင် ဖျန်ဖြေဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် နောက်ဆုံးတိုက်တွန်းမှုကြီးမှာ  ပြိုလဲခဲ့သည်။  

စည်းရုံးခြင်း 

ပထမဆုံးတိုက်ပွဲကြေညာချက်အရ အာမေးနီးယားဝန်ကြီးချုပ် နီကောပါရှင်ယန်နှင့် နာဂေါ်နိုကာရာဘက်ခ် အာဏာပိုင်များက စစ်အုပ်ချုပ်ရေးနှင့် စစ်စည်းရုံးမှုများကို ထုတ်ပြန်ခဲ့သည်။  

အဇာဘိုင်ဂျန်ကို အခိုင်အမာ ထောက်ခံပြီး အာမေးနီးယားနှင့် အားနည်းသည့်ဆက်ဆံရေးရှိသော တူရကီနိုင်ငံ၏ သမ္မတ ရီဆက်တာရစ်အာဒိုဂန်က အဇာဘိုင်ဂျန်ကို ထောက်ခံမည်ဟု ကတိပြုထားသည်။  

အာမေးနီးယားနှင့် နာဂေါ်နိုကာရာဘက်ခ်အာဏာပိုင်များက တူရကီဝင်ရောက်စွက်ဖက်မှုကို ရှုတ်ချခဲ့ပြီး အဇာဘိုင်ဂျန်ကိုလည်း လက်နက်များ၊ စစ်ရေးကျွမ်းကျင်သူများ၊ ရဟတ်ယာဉ်မှူးများနှင့် ဒရုန်းမောင်းသူများ ပံ့ပိုးပေးနေကြောင်း စွပ်စွဲပြောဆိုခဲ့သည်။  

အာမေးနီးယားဝန်ကြီးချုပ် ပါရှင်ယန်က “ကျွန်တော်တို့ တောင်ပိုင်း ကော်ကေးဆပ်ဒေသမှာ မီးကုန်ယမ်းကုန်စစ်ပွဲဖြစ်ခါနီးနေပါပြီ။ မခန့်မှန်းနိုင်တဲ့အကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်” ဟုပြောသည်။ 

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အလီယက်က အာမေးနီးယားနှင့် ခွဲထွက်အင်အားစုများကို အနိုင်ရမည်ဟု ကတိပေးထားသည်။  

နိုင်ငံတကာ စိုးရိမ်မှု 

ယခင်ဆိုဗီယက်ခေတ်အကြီးအကဲ ရုရှားက အပစ်အခတ် ချက်ချင်းရပ်စဲရန်နှင့် မဟာရန်ဘက်အကြား ဆွေးနွေးညှိနှိုင်းရန် တိုက်တွန်းခြင်းနှင့်အတူ နိုင်ငံတကာတုံ့ပြန်မှုကလည်း မြန်ဆန်လှသည်။ ဥရောပသမဂ္ဂက အင်အားကြီးနိုင်ငံများအနေဖြင့် တိုက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန်နှင့် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် ဆိုးရွားသောတင်းမာမှုများကို ရှုတ်ချပြောဆိုခဲ့သည်။ အမေရိကန်ကလည်း နှစ်ဖက်အကြား ရန်လိုမှုများ ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့သည်။  

နယ်မြေဆုံးရှုံးခြင်း 

တနင်္ဂနွေနှောင်းပိုင်း၌ အဇာဘိုင်ဂျန်က အာမေးနီးယားထိန်းချုပ်မှုအောက်ရှိ ရွာအနည်းငယ်ကို ပြန်လည်သိမ်းယူခဲ့သည်ဟု ဆိုသော်လည်း  အာမေးနီးယားက အဆိုပါပြောကြားချက်ကို ငြင်းဆိုခဲ့သည်။ အဇာဘိုင်ဂျန်တပ်ဖွဲ့များသည် ကာရာဘက်ခ်ရှိ မူရော့ဒက်တောင်ထွပ်ကိုလည်း သိမ်းယူခဲ့သည်။ အဇာဘိုင်ဂျန်က မြို့တော်ဘာကူးနှင့်တခြားမြို့များစွာတွင် မာရှယ်လောနှင့်ညမထွက်ရအမိန့်များထုတ်ပြန်ခဲ့သည်။ 

အာဒိုဂန်၏ချိန်ဆမှု 

တူရကီသမ္မတ အာဒိုဂန်က အာမေးနီးယားအား နာဂေါ်နိုကာရာဘက်ခ်ဒေသကို သိမ်းယူထားခြင်းကို အဆုံးသတ်ရန် တောင်းဆိုခဲ့ပြီး အဇာဘိုင်ဂျန်ကို အပြည့်အဝထောက်ခံသည်ဟု သန္နိဋ္ဌာန်ပြုခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ရန်လိုမှုများ ပြန်လည်ဖြစ်ပွားလာခြင်းကို အလွန်စိုးရိမ်မိကြောင်း ပြောခဲ့သည်။  

နာဂေါ်နိုကာရာဘက်ခ်အာဏာပိုင်များက ပြီးခဲ့သည့်ရက်က ဆုံးရှုံးသွားသောနယ်မြေကို ပြန်လည်ရယူပြီးပြီဖြစ်ကြောင်း ပြောခဲ့ပြီး အဇာဘိုင်ဂျန်ကလည်း ဒုံးကျည်များ၊ အမြောက်များနှင့် လေကြောင်းစွမ်းအားများကိုပါအသုံးပြု၍ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားသည်ဟု ဆိုသည်။  

တနင်္လာနေ့ညနေတွင် အာမေးနီးယားကာကွယ်ရေးဝန်ကြီးဌာနက ကာရာဘက်ခ်ရှေ့တန်းစစ်မျက်နှာ တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ထိုးစစ်အကြီးအကျယ်လုပ်ဆောင်ခဲ့ကြောင်း အဇာဘိုင်ဂျန်တပ်ဖွဲ့များက ပြောသည်။  

ကုလသမဂ္ဂလုံခြုံရေးကောင်စီ  

တိုက်ပွဲသုံးရက်မြောက်နေ့ဖြစ်သော အင်္ဂါနေ့တွင် ခွဲထွက်ရေးတပ်သား ၈၄ ဦးနှင့်အရပ်သား ၁၄ ဦးအပါအဝင် သေဆုံးသူ ၉၈ ဦးထိရှိခဲ့သည်။ သို့သော် တစ်ဖက်စီက ရန်သူတပ်ဖွဲ့ ရာနှင့်ချီသေဆုံးခဲ့သည်ဟု ပြောသည်။ ဂျာမနီနှင့်ပြင်သစ်တို့၏ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အဆိုပါအရေးအခင်းနှင့်ပတ်သက်ပြီး အင်္ဂါနေ့က အရေးပေါ် တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးကလည်း တိုက်ခိုက်မှုများအဆုံးသတ်ရန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို တတ်နိုင်သမျှ မြန်မြန် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly