5G သုံးနိုင်တဲ့ Pixel ဖုန်းသစ်နှစ်မျိုးကို ဂူဂဲလ်က ပွဲထုတ်ပြသ

5G သုံးနိုင်တဲ့ Pixel ဖုန်းသစ်နှစ်မျိုးကို ဂူဂဲလ်က ပွဲထုတ်ပြသ
Photo - AFP

အောက်တိုဘာ ၁

ဂူဂဲလ်ဟာ ၎င်းရဲ့ Pixel အမှတ်တံဆိပ်နဲ့ပဲ 5G သုံးနိုင်တဲ့ စမတ်ဖုန်းသစ်နှစ်မျိုးကို ဗုဒ္ဓဟူးနေ့မှာ ပွဲထုတ်ပြသလာပါတယ်။ ဂူဂဲလ်ရဲ့ Pixel ဖုန်းတွေဟာ Android မိုဘိုင်းစနစ်ပဲ ဖြစ်ပေမယ့် ဈေးကွက်ဝေစုကတော့ အနည်းအကျဉ်းပဲ ရရှိသေးတာ ဖြစ်ပါတယ်။

အခု Pixel 5 ဖုန်းသစ်ကို အမေရိကန်မှာ ဒေါ်လာ ၆၉၉ နဲ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး တန်ဖိုးလျှော့ချထားပြီး 5G သုံးနိုင်တဲ့ Pixel 4 ကိုတော့ ၄၉၉ ဒေါ်လာနဲ့ ရောင်းချမှာဖြစ်တယ်လို့ ကယ်လီဖိုးနီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး ဂူဂဲလ်က ထုတ်ပြန်ပါတယ်။

အခု ဖုန်းတွေကို အမေရိကန်နဲ့ အခြားဈေးကွက်တွေမှာ အောက်တိုဘာ ၁၅ ရက်ကစပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခု ဖုန်းသစ်တွေဟာ 5G စနစ်ရဲ့ ပါဝါနဲ့ အမြန်နှုန်း ရှိထားတာနဲ့အတူ ပိုပြီး အသုံးဝင်တဲ့ ဂူဂဲလ်ရဲ့ features တွေလည်း ထည့်သွင်းထားတယ်လို့ ဂူဂဲလ် ဒုတိယဥက္ကဋ္ဌ ဘရိန်းရာကော့စကီက ပြောပါတယ်။

အခု ကြေညာချက်ကြောင့် ဂူဂဲလ်ဟာ 5G စမတ်ဖုန်း ပြိုင်ပွဲမှာ Apple ထက် ရှေ့က ကြိုရောက်တာပဲ ဖြစ်ပါတယ်။ Apple ရဲ့ 5G ဖုန်းတွေကို လာမယ့် သီတင်းပတ်တွေအတွင်းမှာပဲ ပွဲထုတ်လာလိမ့်မယ်လို့ တော်တော်များ များက မျှော်လင့်ထားကြပါတယ်။ သုံးစွဲသူတွေဟာ နောက်ဆုံးပေါ်တွေကို သုံးစွဲလိုကြတာကြောင့် ဂူဂဲလ်ဟာ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် ဈေးနှုန်းနဲ့ 5G ဖုန်းတွေကို ထုတ်လုပ်လာတာလည်း ဖြစ်ပါတယ်။

ဂူဂဲလ်ရဲ့ Pixel ဖုန်းတွေဟာ အားကောင်းတဲ့ ကင်မရာနဲ့ ဘက်စုံတဲ့ ဉာဏ်ရည်တုနည်းပညာတွေကြောင့် ရပ်တည်ချက် ကောင်းကောင်းရှိထားတာ ဖြစ်ပေမယ့် တောင်ကိုရီးယားက Samsung၊ Apple နဲ့ တရုတ်က ဟွာဝေး တို့က စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးထားတာကြောင့် ဈေးကွက်ထိပ်တန်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်မသာဘဲ ရှိနေပါတယ်။

ဒါပေမယ့် အဆင့်မြင့် hardware ပိုင်းနဲ့ software ပိုင်းရယ်၊ ဂူဂဲလ်အက်ပရီကေးရှင်းသစ်တွေကြောင့် Pixel ဖုန်းတွေဟာ ဂူဂဲလ်နဲ့ Android အတွက် စံထားလောက်တဲ့ ဖုန်းတွေပဲ ဖြစ်ပါတယ်။

“ဂူဂဲလ်ဟာ Pixel ဖုန်းတွေကို အမြင့်ဈေးမှာ ယှဉ်ပြိုင်နိုင်တာကနေ ပိုပြီး တန်ဖိုး တက်အောင် ဝန်ဆောင်ထားတယ်။ ဒါပေမယ့် အလယ်အလတ်ဈေးကွက်မှာတော့ အပြင်းအထန် ယှဉ်ပြိုင်နေရတယ်။”လို့ အတိုင်ပင်ခံကုမ္ပဏီ Techsponential မှ အီဗီဂရင်းဂတ်က ပြောပါတယ်။

“ဒါကြောင့် Pixel 5 တွေကိုတော့ ကင်မရာပိုင်းနဲ့ ဆော့ဖ်ဝဲပိုင်းမှာ ပိုပြီး ကွဲပြားခြားနားအောင် ကြိုးစားလာတာပဲ။”လို့ သူက ပြောပါတယ်။

အခု 5G ဖုန်းကို ဂူဂဲလ်က ထုတ်လုပ်လာတာဟာ စီးပွားရေးကို ထိုးနှက်နေတဲ့ ကပ်ဘေးကနေ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် ရုန်းကန်နေရချိန်နဲ့ သုံးစွဲသူအများအပြားက 5G ဖုန်းတွေကို စောင့်မျှော်နေကြချိန်မှာပဲ ဖြစ်ပါတယ်။

အခုနှစ် ဒုတိယသုံးလပတ်ရဲ့ ကမ္ဘာ့စမတ်ဖုန်း စုစုပေါင်း ရောင်းအားဟာ ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း သုတေသနကုမ္ပဏီ IDC အရ သိရပါတယ်။ ဟွာဝေးဟာ ဈေးကွက်မှာ ဦးဆောင်နေပြီး သူ့နောက်မှာ Samsung၊ Apple နဲ့ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Xiaomi နဲ့ Oppo တို့ ရှိနေတယ်လို့ IDC ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

5G စမတ်ဖုန်းသစ်ကို ဗုဒ္ဓဟူးနေ့က မိတ်ဆက်ပြသတဲ့ ပွဲမှာ ဂူဂဲလ်က Roku နဲ့ အမေဇုံရဲ့ Fire TV တွေနဲ့ ယှဉ်ပြိုင်နေရတဲ့ Google TV ပလက်ဖောင်းကို ဗားရှင်းမြှင့်သွားမယ်လို့ပါ ကြေညာသွားပါတယ်။

“Google TV သစ်ဟာ ရုပ်ရှင်တွေ၊ ရှိုးတွေ၊ တိုက်ရိုက်တီဗီအစီအစဉ်တွေကို အက်ပရီကေးရှင်းတွေကနေ အားလုံးရရှိခံစားရမှာ ဖြစ်ပါတယ်။”လို့ Google TV အကြီးတန်းညွှန်ကြားရေးမှူး ရှာလီနီဂိုဗီပိုင်က ပြောပါတယ်။

အဲဒီပွဲမှာ Nest Audio စမတ်စပီကာသစ်ကိုလည်း ပြသခဲ့ပြီး အဲဒီ မော်ဒယ်သစ်ကတော့ နဂိုစမတ်စပီကာထက် အသံထွက်နှုန်း ၇၅ ရာခိုင်နှုန်း ပိုကျယ်ပြီး ဘေ့စ်သံမှာလည်း ၅၀ ရာခိုင်နှုန်း ပိုပြီး အားကောင်းတယ်လို့ ဂူဂဲလ် ကုမ္ပဏီက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly