ရခိုင့်ဦးဆောင်ပါတီက ရုပ်မြင်သံကြားတွင် မဲဆွယ်စည်းရုံးရေးအတွက် ရိုက်ကူးရေး မပြုလုပ်တော့ဟုဆို

ရခိုင့်ဦးဆောင်ပါတီက ရုပ်မြင်သံကြားတွင် မဲဆွယ်စည်းရုံးရေးအတွက် ရိုက်ကူးရေး မပြုလုပ်တော့ဟုဆို
ပုံ - ရခိုင့်ဦးဆောင်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုဒ် (ဓာတ်ပုံ - အောင်အောင်ထူး)

စက်တင်ဘာ ၃၀

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံတော်အစိုးရပိုင် ရုပ်မြင်သံကြားနှင့် သတင်းစာတို့တွင် မဲဆွယ်စည်းရုံးရေးရိုက်ကူးရန်အတွက် ရခိုင့်ဦးဆောင်ပါတီ - AFP အနေဖြင့် ပါဝင်မည် မဟုတ်တော့ကြောင်း ယင်းပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောဦးက ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် - UEC မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာပြီး မဲဆွယ်စည်းရုံးရေးစာ တမ်းကို ရေသားခဲ့သော်လည်း အနှစ်သာရမရှိတော့အောင် ဖြတ်တောက်လိုက်သည့်  အတွက် ယင်းအစီစဉ်တွင်မပါဝင်ရန် ဆုံးဖြတ်လိုက် ခြင်းဖြစ်ကြောင်း ဆိုသည်။

“ကျင့်ဝတ်တွေကို ဖောက်ဖျက်ကျော်လွန်ခြင်းမရှိအောင် ကျနော်တို့ အသေအချာရေးကြပါတယ်။ ကျနော်တို့ ရေးပြီးပို့ထားတဲ့ စာကြမ်းကို UEC က တော်တော်များများဖြတ်တောက်ပလိုက်တဲ့အတွက် အနှစ်သာရပိုင်းက မကျန်တော့ဘူးပေါ့နော်။ အဲဒီကြောင့် MRTV နဲ့ နိုင်ငံပိုင် သတင်းစာတွေကတဆင့် မဲဆွယ်စည်းရုံးမယ့် ဥစ္စာမှာ မပါဝင်တော့ဖို့ ဆုံးဖြတ်တာပါ။”ဟု AFP ပါတီ၊ ဒုတိယဥက္ကဌ ဦးကျော်ဇောဦးက ပြောသည်။

ဖြတ်တောက်ခံထားရသည့်အထဲတွင် ယင်းပါတီတည်ထောင်သူ ဒေါက်တာအေးမောင်၏အမည်၊ UEC မှ ယခင်က ခွင့်ပြုထားပြီးဖြစ်သည့် ပါတီရည်ရွယ်ချက်၊ ဖွဲစည်းပုံနှင့် အနာဂတ်တွင်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ လက်ရှိ စစ်ရေးပဋိပက္ခကြောင့် ဒုက္ခရောက်နေကြရသည့် ရခိုင်ပြည်သူတို့၏ အခက်ခဲများ  ပါဝင်ကြောင်း AFP ၏ စာတမ်းတွင်ဖော်ပြထားသည်။

ယခုကဲ့သို ဖြတ်တောက်ခံရခြင်းမှာ AFP တစ်ခုတည်းမဟုတ်ဘဲ ရခိုင်အမျိုးသားပါတီ - ANP နှင့် ရခိုင့်ဒီမိုကရေစီအဖွဲ့ချုပ် - ALD ပါတီတို့ လည်းပါဝင်ကြောင်း အဆိုပါ ပါတီများမှ တာဝန်ရှိသူအချို့က ပြောသည်။

ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးဖေသန်းက “တိုင်းရင်းသားပါတီဆိုရင်လည်း သူတို့ပါတီအကြောင်းကိုသီးသန့် ပြောစရာအကြောင်း ရှိမှာပေါ့။ ကျနော်တို့ ရခိုင်အမျိုးသားပါတီဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲနိုင်ပေမယ့် အစိုးရဖွဲ့ခွင့်မရ။ အဲဒါမျိုးတွေ ဖြတ်တောက်ခံရတာပေါ့။ ပါတီတစ်ခုရဲ့အာဘော်ကို မပြည့်မစုံအောင်၊ အင်္ဂါချို့ယွင်းအောင် လုပ်လိုက်တယ်။ ပြည်သူတွေရဲ့ ရင်ထဲကို ဝင်စေမယ့် စကားလုံး တွေကို သူတို့အနေနဲ့က ခွင့်မပြုဘူးဆိုရင် ပါတီရဲ့ ကြေညာချက်က ဆားမပါတဲ့ဟင်းလို ပေါ့သွားတာပေါ့။ ဒီမိုကရေစီကိုသွားမယ့် အချိန်ကာလမျိုးမှာ UEC ဟာ ဘာတွေများစိုးရိမ်နေတာလဲ။”ဟု ပြောသည်။

ယခုဖြစ်စဉ်သည် UEC နှင့် သက်ဆိုင်ရာပါတီတို့အကြား ဖြစ်ပေါ်သည့် ကိစ္စသာဖြစ်ပြီး ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အနေနှင့် တစ်စုံတစ်ရာ ပြောဆိုရန် မရှိကြောင်း ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဒေါ်တင်လှိုင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required