စစ်ရေးအသုံးပြုမှုအတွက် အိန္ဒိယက နယ်စပ်လမ်းတွေ ဖောက်လုပ်နေတာကို တရုတ် ကန့်ကွက် 

By AFP
30 September 2020
စစ်ရေးအသုံးပြုမှုအတွက် အိန္ဒိယက နယ်စပ်လမ်းတွေ ဖောက်လုပ်နေတာကို တရုတ် ကန့်ကွက် 
Photo - AFP

စက်တင်ဘာ ၃၀

စစ်ရေးဆိုင်ရာ ထိန်းချုပ်မှုအတွက် အခြေခံအဆောက်အအုံ ဖော်ဆောင်မှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း တရုတ်က ပြောကြားလိုက်ရင်းနဲ့ အိန္ဒိယဟာ “အငြင်းပွား နယ်စပ်ဧရိယာတစ်ခု” ဖြစ်တဲ့ လာဒက်ရှ်ဒေသမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်နေတယ်လို့ စွပ်စွဲသွားခဲ့ပါတယ်။ အဆိုပါ အငြင်းပွားနယ်စပ်ဧရိယာကို အသိအမှတ်မပြုဘူးလို့ တရုတ်က ပြောပါတယ်။ 

“အိန္ဒိယတို့ တရားမဝင် ထူထောင်တဲ့ လာဒက်ရှ်ရဲ့ ဗဟိုနယ်မြေလို့ ခေါ်တဲ့ နေရာကို တရုတ်ဘက်က အသိအမှတ်မပြုပါဘူး၊ နောက်ပြီးတော့ အငြင်းပွား နယ်စပ် ဧရိယာတွေမှာ စစ်ရေး ထိန်းချုပ်မှု ရည်ရွယ်ချက်အတွက် အခြေခံအဆောက်အအုံ တည်ဆောက်တာကိုလည်း ကျွန်တော်တို့ ကန့်ကွက်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ် ဝမ်ဘင်းက ပြောသွားပါတယ်။ 

“ပထမဆုံးအနေနဲ့ ကျွန်တော် ခင်ဗျားတို့ကို ပြောချင်တာက တရုတ်နိုင်ငံဟာ အမှန်တကယ် နယ်စပ်ထိန်းချုပ်မျဉ်းနားမှာ စစ်ရေး အခြေစိုက်နေရာသစ်တွေ ဒါမှမဟုတ် စစ်ရေးအဆောက်အအုံသစ်တွေ တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေကို အချို့အဖွဲ့အစည်းတွေက ဖော်ပြထားခဲ့တာဖြစ်ပါတယ်၊ အဲဒီလိုမျိုး သက်ဆိုင်ရာ သတင်းဖော်ပြချက်တွေမှာ ဖော်ပြထားတဲ့ အခြေအနေတွေဟာ လုံးဝ မမှန်ကန်ပါဘူး၊ ပြီးတော့ သူတို့ဆီမှာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ ပါဝင်နေပါတယ်” လို့ ၎င်းက ပြောသွားပါတယ်။ 

“ တရုတ်အနေနဲ့ကတော့ အိန္ဒိယနဲ့ တရုတ်အကြား လက်မှတ်ထိုးထားတဲ့ သက်ဆိုင်ရာ သဘောတူညီချက်တွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ထားပါတယ်၊ တရုတ်-အိန္ဒိယ နယ်စပ် ဧရိယာမှာလည်း တည်ငြိမ် အေးချမ်းမှုကို ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်၊ တချိန်တည်းမှာလည်းပဲ တရုတ်အနေနဲ့ မိမိတို့ရဲ့ အမျိုးသား နယ်မြေပိုင်နက် အချုပ်အချာအာဏာနဲ့ လုံခြုံရေးကို အခိုင်အမာ ထိန်းသိမ်းစောင့်ရှောက်နေပါတယ်” လို့ ၎င်းက ပြောပါတယ်။ 

ဒါ့အပြင် တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကို ထိန်းချုပ်ကန့်သတ်ဖို့ ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ရေးနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးရဲ့ မှတ်ချက်စကားနဲ့ပတ်သက်လို့လည်း မစ္စတာ ဝမ်ဘင်းက အောက်ပါအတိုင်း ဖြေကြားသွားခဲ့ပါတယ်။ 

“ပွန်ပဲယိုးက တရုတ် ဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခု ထူထောင်မယ်လို့ ခြိမ်းခြောက်နေပါတယ်၊ ဒါက အိမ်မက်တစ်ခုပဲ ဖြစ်ပါလိမ့်မယ်၊ အဲဒီလို နေ့မျိုးကို သူ စောင့်နေလို့ မရနိုင်ပါဘူး၊ သူ့ နေရာကို ဆက်ခံမယ့် နောက်လူတွေလည်း စောင့်နေ့လို့ မရနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒါက ဖြစ်လာမှာမဟုတ်လို့ပါပဲ” လို့ ဝမ်ဘင်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly