ဆော်ဒီအာရေးဗျမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ခွေး ကော်ဖီဆိုင်

By AFP
30 September 2020
ဆော်ဒီအာရေးဗျမှာ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ခွေး ကော်ဖီဆိုင်
Photo - AFP

စက်တင်ဘာ ၃၀ 

အလွန်အကျွံ ရှေးရိုးစွဲကြီးမားတဲ့ ဆော်ဒီအာရေးဗျနိုင်ငံမှာ ပထမဆုံးအနေနဲ့ ခွေး ကော်ဖီဆိုင် တစ်ဆိုင်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကာ ယင်းနိုင်ငံက ခွေး ပိုင်ရှင်တွေဟာဆိုရင် ယခုအခါ အဆိုပါ ဆိုင်မှာ ၎င်းတို့ ချစ်တဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့အတူ ကော်ဖီ သောက်သုံးနိုင်ပြီ ဖြစ်ပါတယ်။ 

အစ္စလမ်ဘာသာမှာတော့ ကြောင်တွေနဲ့မတူဘဲ ခွေးတွေကို မသန့်ရှင်းတဲ့ တိရစ္ဆာန်တွေအဖြစ် ရှုမြင်ပြီး ယေဘုယျအားဖြင့် ဆော်ဒီအာရေးဗျမှာရှိတဲ့ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ ခွေးတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။ 

ဒါပေမယ့် ကမ်းခြေမြို့ ခိုဘားမှာ ပြီးခဲ့တဲ့ ဇွန်လက ဖွင့်လှစ်လိုက်တဲ့ The Barking Lot ဆိုတဲ့ ကော်ဖီဆိုင်ကတော့ တိရစ္ဆာန် ချစ်သူတွေကို အထူးဆွဲဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

အဆိုပါ နိုင်ငံမှာတော့ အိမ်ပြင်ထွက်ရင် ခွေးတွေကို ခေါ်သွားနိုင်တဲ့ နေရာအနည်းအကျဉ်းပဲ ရှိနေတာ ဖြစ်ပါတယ်။ 

ယင်းနိုင်ငံမှာ တချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဘာသာရေး ရဲတွေဟာဆိုရင် အိမ်မွေးတိရစ္ဆာန်တွေနဲ့ လမ်းလျှောက်တာကို ပိတ်ပင်တားမြစ်ခဲ့ဖူးပြီး ဒါဟာ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို ရိသဲ့သဲ့ လုပ်ဖို့ နည်းလမ်းတစ်ခုအနေနဲ့ သုံးခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဒီ ပိတ်ပင်ချက်က ကျယ်ကျယ်ပြန့်ပြန့်ပဲ မထီမဲ့မြင် ပြုခံရပြီး အိမ်မွေးတိရစ္ဆာန်တွေဟာ ပုံမှန် မြင်တွေ့ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ 

ယင်းနောက် တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတွေဟာလည်း မြို့တချို့မှာ မှိုလိုပေါက် ပေါ်ပေါက်လာခဲ့ပါတယ်။  

ခွေး မွေးတာက အလျင်အမြန် ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ဆော်ဒီဘုရင့်နိုင်ငံမှာ ပိုမို ပေါ်ပြူလာဖြစ်လာခဲ့ပါတယ်။ ဆော်ဒီမှာတော့ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆော်လ်မန်ရဲ့ “၂၀၃၀ စိတ်ကူးအမြင်” အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ 

The Barking Lot ရဲ့ ပိုင်ရှင် ကူဝိတ်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒယ်လယ် အာမက်ကတော့ သူမဟာ ဒီ ဆော်ဒီဘုရင့်နိုင်ငံကို ပြီးခဲ့တဲ့ အလည်တစ်ခေါက် ရောက်စဉ်က ဒီလို ဆိုင်ဖွင့်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျွန်မ ဆော်ဒီကို ကျွန်မ ခွေးနဲ့အတူ အလည်ခရီး လာခဲ့တယ်၊ဒါပေမယ့် ကမ်းခြေမှာ သူနဲ့အတူ ကျွန်မ လမ်းလျှောက်ခွင့် မရခဲ့ဘူး” လို့ သူမက အေအက်ဖ်ပီကို ပြောပါတယ်။ 

“ကျွန်မ တအား ဝမ်းနည်းတာပဲ၊ ဒါကြောင့် ခွေး ရှိတဲ့သူတွေအတွက်ရော၊ နောက်ပြီး ခွေး မရှိတဲ့သူတွေအတွက်ပါ ရည်ရွယ်ပြီး ဒီလို ကော်ဖီဆိုင် တစ်ဆိုင်ဖွင့်ပြီး ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ သူမက ပြောပါတယ်။ 

ဒီ ကော်ဖီဆိုင်မှာတော့ ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေဟာ သူတို့ရဲ့ အရွယ်စုံ ခွေးတွေနဲ့အတူ လာရောက်စုဝေးနေကြပြီဖြစ်ပါတယ်။ 

ဆိုင်ထဲမှာ တချို့ ခွေးလေးတွေက မြူးထူးခုန်ပေါက် ကစားနေကြသလို တချို့ ခွေးတွေကျလည်း သူတို့ရဲ့သခင်ပေါ်မှာ ထိုင်နေကြတာကို တွေ့ရပါတယ်။ ဒါမှမဟုတ် သူတို့ရဲ့ သခင်တွေ သောက်စရာ မှာနေတဲ့အချိန် သူတို့လည်း ကောင်တာနားမှာ စိတ်ရှည်ရှည် စောင့်နေကြတာလည်း ရှိပါတယ်။ 

နေရာတစ်ခုမှာတော့ ခွေးတွေကို ရေချိုးသန့်စင် ရေခြောက်အောင် လုပ်ပေးနေပြီး ဒါကတော့ ခွေးတွေကို သန့်စင်ဖြီးလိမ်းပေးတဲ့ ဝန်ဆောင်မှု တစိတ်တဒေသအဖြစ် ကမ်းလှမ်းပေးတာဖြစ်ပါတယ်။ 

“ဒီ ကော်ဖီ ဆိုင်ဖွင့်တဲ့ စိတ်ကူးက တကယ် ဆန်းသစ်ပါတယ်၊ ခွေးတွေ ဒီကို လာပြီး အခြား ခွေးတွေနဲ့ တွေ့နိုင်တဲ့ ထူးခြားတဲ့ နေရာတစ်ခုပေါ့” လို့ ဆော်ဒီ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဂျိုဟာရာက ပြောပါတယ်။ 

ဒါ့အပြင် ဒီကော်ဖီဆိုင်ကို ပထမဆုံးအကြိမ် လာရောက်တဲ့ ဆော်ဒီ နိုင်ငံသားတစ်ဦးဖြစ်တဲ့ နာဝက်ဖ်ကလည်း ဒီဆိုင်လေးဟာ တအားချစ်ဖို့ ကောင်းတယ်လို့ ပြောသွားပါတယ်။ 

“ကျွန်တော် ဒီကို ခွေးလေးတွေနဲ့အတူ ဆော့ဖို့ လာခဲ့တာပါ၊ ခုဆို ဆော်ဒီအာရေးဗျမှာ ပထမဆုံးအကြိမ်အနေနဲ့ ခွေးလေးတွေအတွက် ကော်ဖီဆိုင်တစ်ဆိုင် ရှိနေပြီ” လို့ ၎င်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly