စီးနင်းသူ နည်းပါးသဖြင့် ခရီးသည်ပေါ်မူတည်ပြီး YBS ယာဉ်အစီးရေ လျှော့ချပြေးဆွဲ

စီးနင်းသူ နည်းပါးသဖြင့် ခရီးသည်ပေါ်မူတည်ပြီး YBS ယာဉ်အစီးရေ လျှော့ချပြေးဆွဲ

စက်တင်ဘာ ၂၉၊ ၂၀၂၀

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များအားလုံးတွင် မလိုအပ်ဘဲ အိမ်ပြင်မထွက်ရသည့် Stay at Home ကာလအဖြစ် သတ်မှတ်ပြီးနောက်ပိုင်း YBS ယာဉ် စီးနင်းသူဦးရေ နည်းပါးလာသည့်အတွက် ခရီးသည်အပေါ် မူတည်ပြီး ယာဉ်အစီးရေကို လျှော့ချပြေးဆွဲပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က မဇ္ဈိမကို ပြောသည်။  

မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ တကျော့ပြန်ကူးစက်မှု မဖြစ်သေးချိန်ကာလက ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့လျှင် YBS ယာဉ်အစီးရေ ၄၀၀၀ ကျော်နှင့် စီးနင်းသူ ခရီးသွားဦးရေ ၁၂ သိန်းခန့် ရှိခဲ့ကြောင်း သိရသည်။  

သို့သော် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များ အားလုံးတွင် Stay at Home သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလ ၂၈ ရက်နေ့အထိ တစ်နေ့လျှင် YBS ယာဉ်အစီးရေ ၁၀၂၀ ကျော်သာ ပြေးဆွဲပြီး စီးနင်းသည့် ခရီးသည်ဦးရေမှာမူ ၈၀၀၀၀ ကျော်ရှိကြောင်း YRTA ၏ မှတ်တမ်းစာရင်းများအရ သိရသည်။  

YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က “ကျွန်တော်တို့ရဲ့ ယာဉ်လိုင်းတွေကတော့ အရင်ကျွန်တော်တို့ရဲ့ သတ်မှတ်တဲ့ လမ်းကြောင်းအတိုင်း ခရီးသွားပြည်သူလူထုတွေကို ဝန်ဆောင်မှုပေးပြီးတော့ ပြေးဆွဲပေးနေတယ်။ အဲဒီလို ပြေးဆွဲတဲ့အခါ ခရီးသွားဦးရေရဲ့ အနေအထားပေါ် မှုတည်ပြီးတော့ ယာဉ်လိုင်းကလည်း ညီညွတ်တဲ့ ယာဉ်အစီးရေနဲ့ ဆွဲပေးရတယ်။ ပြောချင်တာက ကျွန်တော်တို့ ယာဉ်လိုင်းတွေဟာ အရင်လိုပဲ ပြေးဆွဲပေးနေပါတယ်။ ခရီးသွားလူထုရဲ့ အနေအထားပေါ် မှုတည်ပြီးတော့ ယာဉ်အစီးရေ အနည်းအများကို ချိန်ပြီးတော့ ဆွဲပေးနေပါတယ်” ဟု ပြောသည်။  

ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြေးဆွဲပေးနေသော ယာဉ်မောင်းများအားလုံး နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ယာဉ်များကို ပြေးဆွဲလမ်းကြောင်းအတိုင်း ပြေးဆွဲကြရန်နှင့် ကိုဗစ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးကြရန် ယာဉ်လိုင်းများကို ညွှန်ကြားထားကြောင်းလည်း သိရသည်။  

ယခုကဲ့သို့ YBS ယာဉ်များတွင် စီးနင်းသူ ခရီးသည် နည်းပါးသည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာအဝေးမှ စီးနင်း၍ရသော်လည်း ယာဉ်လိုင်းများဘက်ကမူ အခက်အခဲအချို့ ရှိနေကြောင်း ဦးလှအောင်က ဆက်ပြောသည်။  

“ဧပြီလတုန်းက ဖြစ်ခဲ့ဖူးတဲ့ သာဓကပေါ့။ သုံးပုံတစ်ပုံ ဖြစ်သွားတဲ့အခါ လုပ်သားတစ်ယောက်က တစ်နေ့မောင်းပြီး သုံးရက်လောက် မမောင်းရတဲ့ သဘောဆိုတော့ သူ့ရဲ့စားဝတ်နေရေး ခက်ခဲတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ YRTA က ဆန်၊ ဆီ၊ ဆားတွေ ပံ့ပိုးခဲ့တဲ့ သာဓကတော့ ရှိဖူးတယ်။ ယာဉ်လိုင်းဘက်က ပြန်ကြည့်ရင်တော့ အခက်အခဲတွေ ရှိလာတယ်။ သို့သော်လည်း ဒါက အများရင်ဆိုင်ရမယ့်ကိစ္စဆိုတော့ ကျွန်တော်တို့လည်း ရင်ဆိုင်ရမှာ။ ဒါကြောင့် ကျွန်တော်တို့ ဘာပံ့ပိုးနိုင်လဲဆိုတာတွေကိုလည်း ကျွန်တော်တို့ စိစစ်ဆောင်ရွက်ပေးနေပါတယ်” ဟု ဦးလှအောင်က ပြောသည်။  

အခုကာလတွင် YBS စီးနင်းသည့် ခရီးသည်ဦးရေ နည်းလာသည့်အတွက် ကားအစီးရေများကို လျှော့ချပြေးဆွဲနေရပြီး အသုံးစရိတ် မကာမိသဖြင့် YBS ယာဉ်လိုင်းများလည်း အရှုံးပေါ်နေကြောင်း Power Eleven ကုမ္ပဏီလီမိတက် မန်နေးဂျင်းဒါရိုက်တာ ကိုသက်တင်ဝင်း (ခ) ကိုတရုတ်လေးက ပြောသည်။ 

“မကာမိဘူးဗျ။ လက်ရှိရတဲ့ ဝင်ငွေက စက်သုံးဆီဖိုးလောက်ပဲ ရတာ။ ကျွန်တော်တို့က လု့ပ်ငန်း လည်ပတ်စရိတ်ဆိုလို့ ရှိရင်တော့ ယာဉ်မောင်းလုပ်အားခရယ်၊ ကားပြုပြင်ထိန်းသိမ်းစရိတ်ရယ်၊ အဲဒါတွေလိုတယ်။ ရှုံးတာကတော့ ကျွန်တော်တို့ ပထမ ကိုဗစ်လှိုင်းကတည်းက ရှုံးနေတာ။ ဒါပေမယ့် ကျွန်တော်တို့က ဒါက မဖြစ်မနေသွားလာတဲ့ ခရီးသည်တွေ အဆင်ပြေအောင်လို့ ကားကုမ္ပဏီတွေ အများစုကတော့ အရှုံးခံပြီး ဆွဲနေကြတာပါ” ဟု ကိုတရုတ်လေးက ပြောသည်။ 

Stay at Home ကာလ အစိုးရက ခွင့်ပြုထားသည့် လုပ်ငန်းများမှ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများသာ မြို့နယ်ဖြတ်ကျော် သွားလာခွင့်ပြုထားပြီး ထိုကဲ့သို့ မြို့နယ်ဖြတ်ကျော်ရန် QR Pass ID ပြသရမည်ဖြစ်ကြောင်း အစိုးရက အသိပေးကြေညာထားသည်။  

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာလ ၂၈ ရက်နေ့က စတင်ပြီး မြို့နယ်ဖြတ်ကျော်သွားလာသည့် မော်တော်ယာဉ်များကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်နေပြီး အထောက်အထား မပြနိုင်သော မော်တော်ယာဉ်များကိုမူ မြို့နယ်ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။  

အများပြည်သူ အသုံးပြုသွားလာနေသည့် YBS ယာဉ်လိုင်းများကိုမူ မြို့နယ်ဖြတ်ကျော်ခွင့်အတွက် QR pass ပြုလုပ်ရန် ယနေ့အချိန်အထိ တစ်စုံတစ်ရာ ညွှန်ကြားထားခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ၏ တာဝန်ရှိသူများက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly