တပ်မတော်က ဖမ်းဆီးခဲ့သည့် မြောက်ဦးဒေသခံ ၁ ဦး သေဆုံး

တပ်မတော်က ဖမ်းဆီးခဲ့သည့် မြောက်ဦးဒေသခံ ၁ ဦး သေဆုံး

စက်တင်ဘာ ၂၉ရက်
 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ဒေသခံတစ်ဦးကို တပ်မတော်က ဖမ်းဆီးသွားခဲ့ပြီးနောက် ၎င်းဖမ်းဆီးခံရသူ ကို မြောက်ဦးဆေးရုံ၌ သေဆုံးလျှက်ရှိ တွေ့ရှိခဲ့ကြောင်း ယောက္ခမဖြစ်သူ ဦးမောင်နုက ပြောသည်။

သေဆုံးသူမှာ အသက်(၃၈)အရွယ်ရှိ ဦးအေးကျော်ဆိုသူဖြစ်ပြီး ၎င်းသည် မြောက်ဦးမြို့၊မြို့သစ်ရပ်ကွက်တွင် နေထိုင်ကာ သုံးဘီငယ်(တုတ်တုတ်)မောင်းနှင်သည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ဦးအေးကျော်သည် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက တစ်ရပ်ကွက်တည်းနေ အမျိုးသမီးတချို့အား နားထင်းကျေးရွာသို့ လိုက်လံပို့ဆောင်စဉ် အောင်မင်္ဂလာကျေးရွာအလွန်တွင်ရှိသည့် တပ်မတော် ခမရ(၃၇၇) တပ်ရင်းမှ တားဆီးကာ လိုက်ပါလာသူ အဘွား နှင့် မြေးတစ်ဦးကို အငှားယာဉ်နောက်တစ်စီးဖြင့်ထည့်ခဲ့ပြီး ၎င်းနှင့်စီးနင်းလာသည့် သုံးဘီးငယ်ကို ထိန်းသိမ်းထားလိုက်ကြောင်း ၎င်းမိသားစုဝင်များနှင့် ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

တပ်မတော်မှ ဦးအေးကျော်အား ဖမ်းဆီးခဲ့သဖြင့် မိသားစုဝင်များက ခမရ (၃၇၇)တပ်ရင်းထံသို့ လိုက်လံစုံစမ်းရှာ ဖွေရာတွင် ၎င်းတို့ဖမ်းဆီးထားခြင်းမရှိကြောင်း ပြန်လည်ပြောဆိုသည်ဟု သေဆုံးသူ၏ ယောက္ခမဖြစ်သူ ဦးမောင်နုက ပြောသည်။

ထို့နောက် စက်တင်ဘာ ၂၈ရက်၊ ညနေ ၄ နာရီခွဲခန့်အချိန်တွင် ဦးခေါင်းကွဲအက်ဒဏ်ရာ၊ လက်နှစ်ဖက်တွင် ကြိုးတုတ်ခံထားရသည့် ဒဏ်ရာများဖြင့် ၎င်း၏အလောင်းကို မြောက်ဦးပြည်သူ့ဆေးရုံတွင် တွေ့ရှိခဲ့ကြောင်း ဦးမောင်နုက ပြောသည်။

“လက်ကျိုးနေတဲ့ အဘွားတစ်ယောက်နဲ့ မြေးတစ်ယောက်ပါတယ်တဲ့။ သူတို့ကိုတင်ပြီး နားထင်ရွာမှာ ဆေးသွားကုတာ။ မြောက်ဦး ကထွက်သွားရင် ၃၇၇ ကိုရောက်တာနဲ့ ဂိတ်ကနေ ရပ်ခိုင်းပြီး အဘွားနဲ့ မြေးကို နောက်က လာတဲ့ ဆိုင်ကယ်မှာတင်ပေးလိုက်ပြီး သူ့ ကို တပ်ထဲကိုခေါ်သွားတယ်လို့ ဆိုင်ကယ်စီးသွားတဲ့ အဖွားကပြောပြတာ။ မနေ့(စက်တင်ဘာ ၂၈)က ညနေ ၄ နာရီ ၄၀ လောက် မှာတော့ အလောင်းကို မြောက်ဦးဆေးရုံကို လာပို့ တယ်။”ဟု ဦးမောင်နုက ပြောသည်။

ဦးအေးကျော်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ မိသားစုဝင်များက အကြောင်းကြားခဲ့သည့်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ ထပ်မံတင်ပြခဲ့ကြောင်းနှင့်တပ်မတော်မှ သံသယရှိသည့် အရပ်သားများကို စစ်ဆေးသည့်အခါ ရဲတပ်ဖွဲ့နှင့် တရားဥပဒေလုပ်ထုံးလုပ်နည်းအရသာ ဆောင်ရွက်သင့်သည်ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။
 
 “နယ်လုံ (ရခိုင်ပြည်နယ်အစိုးအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး) ကိုဆက်သွယ်ရင်လည်း အဆက်သွယ်မရခဲ့ဘူး။ မနေ့က ငါနဲ့ ဒုဥက္ကဌနဲ့ ဆွေးနွေးတယ်။ ဆွေးနွေးပြီး ရင် အစိုးရဘက်ကို စာရေးမလို့ပြင်နေတုန်း စာတောင်မရိုက်လိုက်ရဘူး။ ထွန်းသာစိန်ဆီက (သေသွားပြီလို့) သတင်းလာတယ်။”ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ပြောသည်။

သေဆုံးသူ၏အလောင်းကို ဆေးရုံမှ သုဿန်သို့ ယနေ့(စက်တင်ဘာ ၂၉ရက်)နံနက်က ယူဆောင်ကာ နာရေးကိစ္စများဆောင်ရွက်နေကြောင်းနှင့် ရဲစခန်းတွင် အမှုဖွင့်လှစ်သွားမည်ဟု မိသားစုဝင်များက ပြောသည်။
 
တပ်မတော်ဘက်ကမူ သုံးဘီးဆိုင်ကယ်အားစစ်ဆေးရာ ဦးအေးကျော်၏လက်ကိုင်ဖုန်းအတွင်းမှ ရခိုင်တပ်(AA) ၏အချက်အလက်များနှင့် ဆက်သွယ်ထားမှုများအား တွေ့ရှိရသဖြင့် ထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှု များပြုလုပ်ခဲ့ကြောင်းနှင့်ပဏာမစစ်ဆေးချက်အရ ဦးအေးကျော်သည် ရခိုင်တပ်(AA)၏ တပ်ကြပ်ကြီးအဆင့်ရှိသူ ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် ဒီဇင်ဘာလက မြောက်ဦးတပ်နယ်မှ စစ်သည် တစ် ဦးဈေးဝယ်စဉ် ဖမ်းဆီးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း တပ်နယ်မိသားစုမှ အရပ်သား လူငယ် နှစ် ဦးအား ဖမ်းဆီးခြင်းတွင် ဦးဆောင် ဆောင်ရွက်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာလ ၂၉ ရက်နေ့လည် ၁၂ နာရီခွဲခန့်က AAတပ်ဖွဲ့၏ ဝတ်စုံဝတ်ဆင်ထားသည့် ဦးအေးကျော်၏ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly