လွိုင်ကော်တွင် မီးရထား ဝန်ထမ်းအိမ် မီးလောင်၊ လူထိခိုက်မှု မရှိ

လွိုင်ကော်တွင် မီးရထား ဝန်ထမ်းအိမ် မီးလောင်၊ လူထိခိုက်မှု မရှိ
ဓာတ်ပုံ - စောသန်းထိုက်ဦး

စက်တင်ဘာ၊ ၂၉ ၊ ၂၀၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ မြန်မာ့မီးရထားဘူတာရုံ ဝန်ထမ်းလိုင်းခန်းတွင် နေအိမ်တစ်လုံး ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်းနေအိမ်တွင် နေထိုင်သူ ဒေါ်ဆယ်တင် (၆၀) နှစ်ကို မီးပေါ့ဆမှုဖြင့် မီးသတ်ဦးစီးဌာနက လွိုင်ကော် မြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်။

မီးရထားဘူတာရုံ ဝန်ထမ်းလိုင်းခန်းတွင် မီးလောင်နေကြောင်း ဖုန်းနှင့် မီးသတင်း ပေးပို့လာသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး မီးသတ်ကားများနှင့် မီးသတ်ဝန်ထမ်း ၄၀ ခန့်တို့က ငြှိမ်းသတ်လိုက်နိုင်ကြောင်း လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

မီးလောင်မှုကြောင့် ပေ ၃၀ ပတ်လည် ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာအိမ်နှင့် အတွင်းပစ္စည်းများ မီးလောင် ဆုံးရှုံးသွားသည်။ မီးလောင်ရသည့် အကြောင်းရင်းမှာ ထင်းမီးဖြင့် ဟင်းအိုးတည်ထားခဲ့ရာမှ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပျက်စီးမှုကတော့ ခန့်မှန်း တွက်ချက်မှုအရ ကျပ် ၂၂၀၀၀၀ ကျော်ပေါ့နော်။ လူ၊ တိရိစ္ဆာန် ထိခိုက်မှုတော့ မရှိဘူး။ ထုံးစံအတိုင်းပဲ မြို့မရဲစခန်းမှ ဒါကို အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဦးရန်နိုင်ဝင်းက ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

မီးသတ်တပ်ဖွဲ့၏ မှတ်တမ်းတွင် မီးလောင်မှုကြောင့် အဆောက်အဦတန်ဖိုး ၂၂၅၀၀၀ ကျပ်နှင့် အတွင်းပစ္စည်း ၇၅၀၀၀ ကျပ်၊ စုစုပေါင်း ၃၀၀၀၀၀ ကျပ်ဖိုးခန့် ဆုံးရှုံးသည်ဟု ဖော်ပြထားသည်။ မီးလောင်မှုနှင့် ပတ်သက်၍ ရဲနှင့် မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly