တောင်ကိုရီးယားက မှာယူသည့် test kit များသည် ရန်ကုန်တိုင်းအတွက် အဓိကမှာယူထားခြင်းဖြစ်

တောင်ကိုရီးယားက မှာယူသည့် test kit များသည် ရန်ကုန်တိုင်းအတွက် အဓိကမှာယူထားခြင်းဖြစ်
Photo - EPA

စက်တင်ဘာ ၂၉ရက်

တောင်ကိုရီးယားနိုင်ငံက မှာယူထားသည့် COVID-19 ရောဂါပိုး ရှိ ၊မရှိ လျှင်မြန်စွာစစ်ဆေးပေးနိုင်မည့် Test Kit (စမ်းသပ်ကိရိယာအစုံ)များသည် ရန်ကုန်တိုင်းဒေသကြီးအတွက် အဓိကမှာယူထားခြင်းဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

“လောလောဆယ် ရန်ကုန်တိုင်းအတွက်ပဲ လျာထားသေးတယ်ခင်ဗျ။ ရန်ကုန်တိုင်းအတွက်ပဲ  လတ်တလော အစီအစဉ်ရှိပါသေးတယ်။ ကျန်တဲ့ တိုင်းနဲ့ပြည်နယ်ဒေသကြီးတွေကို တိုးချဲ့ဖို့ အစီအစဉ်ရှိရင် ကျွန်တော်တို့ ထပ်မံပြီးပြောကြားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။

၎င်းTest kit များ ကို တောင်ကိုရီးယားနိုင်ငံမှ အခုရေ နှစ်သိန်းမှာယူထားပြီး စက်တင်ဘာ ၂၇ ရက်တွင် အခုရေ ခြောက်သောင်း၊ စက်တင်ဘာ ၂၈ရက်နေ့တွင် အခုရေ တစ်သိန်းလေးသောင်းထပ်မံရောက် ရှိခဲ့ကြောင်းနှင့် ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် တောင်ကိုရီးယားအစိုးရက လှူဒါန်းသည့် Test kit ငါးထောင် ထပ်မံရောက်ရှိမည်ဖြစ်သည်။

Test Kit များအား ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ရှိသည့် ဆေးရုံများတွင် ဦးစွာလုပ်ဆောင်မည်ဖြစ်ပြီး မြို့နယ်အဆင့် ဆေးရုံများတွင် ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်မည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ ရန်ကုန်အထွေထွေရောဂါ ကုဆေးရုံသစ်ကြီး၊ ရန်ကုန်အ နောက်ပိုင်းဆေးရုံ၊ မြောက်ဥက္က လာပ၊အင်းစိန်၊ လှိုင်သာယာ၊ သန်လျင် နှင့် သင်္ဃန်းကျွန်း စသည့် ဆေးရုံကြီးကိုးခု၌ ယနေ့(စက်တင်ဘာ ၂၉ရက်)တွင် စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာသန်းနိုင်စိုး က ပြောသည်။

“ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ကိုး ရုံပေါ့နော်။ ဒီနေ့စပြီးတော့ ခွဲတမ်းရှိတယ်ဗျ သူက။ ရာရှင်(Ration) အလိုက် စစ်ဆေးပေးမှာဖြစ်ပါတယ်။ ကျွန်တော်တို့က စစ်ဆေးတဲ့အခါမှာ ဒီ Target အုပ်စုတွေကို အရင်ဆုံးစစ်ဆေး မှာဖြစ်ပါတယ်။ Target အုပ်စုမှာပါတာတော့ နံပါတ်တစ်က ကျန်းမာရေးဝန်ထမ်းအုပ်စုတွေဖြစ်ပါတယ်။ အနီးကပ်ဆုံးထိတွေ့နေရတဲ့ ပုဂ္ဂိုလ်တွေဗပါ့နော်။ သူတို့မှာ ပိုးမရှိတော့မှ သူတို့မိသားစုတွေလည်း မရှိမှ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့  လုပ်ငန်းဆောင်ရွက်နိုင်မှာဖြစ်တယ်ပေါ့နော်။ နံပါတ် နှစ်ကတော့ PUI လို့ခေါ်တဲ့ စောင့်ကြည့်လူနာတွေပေါ့။ ဒီလူနာတွေကလည်း မြန်မြန်စစ်နိုင်လေလေ သူတို့အတွက်က ကောင်းလေလေပေါ့။ တတိယမြောက်ကတော့ အနီးကပ်ဆုံးထိတွေ့ထားတဲ့ သူအုပ်စုပေါ့နော်။ အဲ့တော့ ဒီအုပ်စုတွေကို စစ်ဆေးပြီး တော့ ရရှိလာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ ထပ်မံပြီး ဒီထက်ကျယ်ပြန့်တဲ့စစ်ဆေးမှုတွေကိုလည်း အဆင့် လိုက်အပိုင်းလိုက်ပေါ့နော် ။ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မှု၊ ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုအတိုင်း ဆက် လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

၎င်း Test Kit များသည် ရောဂါပိုးရှိ၊မရှိ မြန်မြန်စစ်ဆေးနိုင်သည့်အတွက် ပိုးရှိသူ ပိုမိုများပြားစွာတွေ့ လာမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။  

စက်တင်ဘာ ၂၉ရက်နေ့ အာဆီယံနိုင်ငံများ၏ COVID-19 ရောဂါ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် ယခင်နံပါတ် ငါးနေရာသို့ ရောက်ရှိနေရာမှ ယခုတွင် နံပါတ် လေး နေရာသို့ ရောက်ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly