သတင်းမီဒီယာသမားတွေ နယ်မြေဖြတ်ကျော် အပြင်ထွက်သတင်းယူရင် အရေးယူခံရနိုင်မလား

သတင်းမီဒီယာသမားတွေ နယ်မြေဖြတ်ကျော် အပြင်ထွက်သတင်းယူရင် အရေးယူခံရနိုင်မလား
ဓာတ်ပုံ - ဖူးအိအိနွယ် / မဇ္ဈိမ

စက်တင်ဘာ ၂၈ရက်

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ တကျော့ပြန် ကူးစက်မှုတွေ ဖြစ်ပွားလာပြီးနောက် အစိုးရက စည်းကမ်းသတ် မှတ်ချက်တွေကို တင်းကြပ်လိုက်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ကလွဲရင် ကျန်မြို့နယ်တွေအားလုံးကို မလိုအပ်ဘဲ အိမ်ပြင်မထွက်ရဆိုတဲ့ (Stay at Home) ကာလအဖြစ် သတ်မှတ်လိုက်တာပါ။

စည်းကမ်းသတ်မှတ်ချက်တွေထဲမှာတော့  ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်တွေ၊ စားသောက်ကုန်နဲ့ အအေးခန်းလုပ်ငန်းတွေ၊ ဆေးဝါးနဲ့ ဆေးကိရိယာ ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းတွေကို နယ်မြေဖြတ်ကျော် အပြင်သွားလာခွင့်ကို ခွင့်ပြုထားပါတယ်။

ဒါပေမယ့် သတင်းမီဒီယာလုပ်ငန်းတွေဖြစ်တဲ့ ပုဂ္ဂလိကပိုင် သတင်းစာတိုက်တွေ၊ အွန်လိုင်းသတင်းဌာနတွေနဲ့ ရုပ်သံသတင်းမီဒီယာတွေဟာ အပြင်ထွက် သွားလာခွင့်ပြုထားတဲ့အထဲမှာ ပါဝင်တာ မတွေ့ရပါဘူး။  

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့ COVID-19 ကာလမှာ သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကို စက်တင်ဘာလ ၂၁ ရက်နေ့က တရားဝင် စာပို့ထား ပေမယ့် အကြောင်းပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။

သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးမြင့်ကျော်ကတော့ လက်ရှိကာလမှာ အပြင်ထွက်သတင်းယူတဲ့ သတင်းမီဒီယာ သမားတွေဟာ သက်ဆိုင်ရာကနေအရေးယူခဲ့မယ်ဆိုရင် အရေးယူခံရနိုင်တဲ့အတွက် သတိပြုဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“အခုအချိန်မှာ သတင်းသမားတွေက အထက်ကအမိန့်၊ ညွန်ကြားချက်ထဲမှာ မပါတဲ့အတွက် သတင်းသမားတွေ သွားတယ်ဆိုရင် တစ်ဦးခြင်းပဲဖြစ်စေ၊ ဌာနကားနဲ့ပဲဖြစ်စေ၊ အရေးယူမယ်ဆိုရင် အရေးယူခံရနိုင်တဲ့ ကာလ ဖြစ်တယ်။ အောက်ခြေမှာလုပ်ဆောင်နေတဲ့အဖွဲ့တွေက သတင်းသမားရယ်လို့လည်း သူတို့ ကင်းလွတ်ခွင့်ပေးချင်မှ ပေးလိမ့်မယ်။ လောလောဆယ်မှာတော့ သတင်းသမားတွေအနေနဲ့ သတိပြုဖို့တော့ လိုတယ်။” လို့ ဦးမြင့်ကျော်က ပြောပါတယ်။

သတင်းမီဒီယာတွေကို အခုလို ကန့်သတ်လိုက်တာဟာ လူထုအပေါ် သတင်းစီးဆင်းမှုကို ကျဆင်းသွားစေတဲ့ အတွက် လွတ်လပ်စွာသတင်းယူခွင့်ပေးသင့်တယ်လို့ ရန်ကုန်အခြေစိုက် ဓာတ်ပုံသတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုမာနော်က ပြောပါတယ်။

“မြို့နယ်ကျော်ပြီး သတင်းယူရင် ဥပဒေနဲ့ အရေးယူခံရမယ်ဆိုတာက မဖြစ်သင့်ဘူး။ ဘာလို့ဆို သတင်းထောက်တွေကတော့ သတင်းဖြစ်တဲ့နေရာကို အမြန်ရောက်ချင်တာပဲလေ။ အဲတော့ ကိုယ်နေထိုင်တဲ့ မြို့နယ်ကနေ နောက် တစ်မြို့နယ်ကို သွားကြတာပဲ။ ဆိုတော့ အဲဒါတွေနဲ့ ကန့်သတ်လိုက်တော့ အဆင်မပြေဘူးထင်တယ်။ ဒီကာလမှာ အမျိုးမျိုးဖြစ်နိုင်တာပဲ။ လူတွေအားလုံးက အိမ်ထဲမှာနေပြီးတော့ ဘာဖြစ်နေလဲဆိုတဲ့ သတင်းကို နားဆင် နေကြတာ။ အခုသတင်းစီးဆင်းမှုက မြန်လေကောင်းလေပဲပေါ့။ အဲဒါကို ကန့်သတ်လိုက်တော့ အဆင်မပြေဘူး။” လို့ ကိုမာနော်က ပြောပါတယ်။

သတင်းမီဒီယာသမားတွေကို နေအိမ်မှာပဲနေကြဖို့ဆိုတဲ့ (Stay at Home ) အစီအစဉ်မှာ ထည့်သွင်းခြင်းမပြုဖို့  မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ကလည်း စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန် တောင်းဆို ထားပါတယ်။

လက်ရှိမှာ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့အတူ ၂၀၂၀ ပြည့်နှစ် အကြိုရွေးကောက်ပွဲကာလနဲ့ တိုက်ဆိုင်နေတဲ့အတွက် လုပ်ကြံသတင်းတွေ၊ သတင်းတု၊ သတင်းမှားတွေကို ပြည်သူလူထုအနေနဲ့ ရင်ဆိုင်နေရချိန် မှာ သတင်းမီဒီယာအနေနဲ့ သတင်းတွေကိုအချိန်နဲ့တပြေးညီ စီးဆင်းဖို့ လိုအပ်နေကြောင်းလည်း မြန်မာဂျာနယ်လစ်ကွန်ရက်(MJN) ရဲ့ ကြေညာချက်မှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့နဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို သတင်း မီဒီယာသမားတွေအနေနဲ့ နယ်မြေဖြတ်ကျော် အပြင်ထွက်သွားလာရင် အရေးယူခံရမလားဆိုတာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိတိကျကျမသိဘူးလို့ပဲ ပြန်လည်ဖြေကြားခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ စက်တင်ဘာလ ၂၇ ရက်နေ့ကစတင်ပြီး နယ်မြေဖြတ်ကျော် အပြင်ထွက် သွားလာသူတွေနဲ့ မော်တော်ယာဉ်တွေကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက စစ်ဆေးမှုတွေ စတင်ပြုလုပ် နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly