ရှင်ကျန်းဒေသ၌ တိုင်းရင်းသားများအားလုံး အလွန်စိတ်ပျော်ရွှင်မှု ရှိဟု ရှီကျင့်ဖျင် ပြော

ရှင်ကျန်းဒေသ၌ တိုင်းရင်းသားများအားလုံး အလွန်စိတ်ပျော်ရွှင်မှု ရှိဟု ရှီကျင့်ဖျင် ပြော

စက်တင်ဘာ ၂၈

တရုတ်အနောက်ပိုင်း ရှင်ကျန်းဒေသတွင် တိုင်းရင်းသားအုပ်စုများ အားလုံးသည် အလွန်ကို စိတ်ကျေနပ် ပျော်ရွှင်မှု ရရှိနေကြကြောင်း သမ္မတ ရှီကျင့်ဖျင်က ပြောသည်။

အဆိုပါ ဒေသခံများအနေဖြင့် တရုတ်နိုင်ငံအပေါ် မှန်မှန်ကန်ကန် ရှုမြင်သဘောပေါက်အောင် ဆက်လက်သင်ကြားပေးသွားရန် အစီအစဉ်ရှိထားကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု ရှင်ဟွာသတင်းဌာနတွင် စက်တင်ဘာ ၂၆ ရက်က ဖော်ပြသည်။

တရုတ်နိုင်ငံသည် ဝီဂါမွတ်စလင်များအပေါ် ပြုမှုဆက်ဆံပုံများနှင့် ပတ်သက်ပြီး မျက်စိဒေါက်ထောက် စောင့်ကြည့်ခံနေရပြီး ရှင်ကျန်းဒေသတွင် အတင်းအကြပ် လုပ်အားပေးခိုင်းစေမှုများဖြင့် မတရားဖိနှိပ်နေသည်ဟုလည်း စွပ်စွဲပြောဆိုခြင်းများနှင့် ရင်ဆိုင်နေရသည်။

ယင်းဒေသ၌ မွတ်စလင်တစ်သန်းကို ကမ့်စခန်းများတွင် ထားရှိပြီး အလုပ်စေခိုင်းခြင်းများ ရှိနေသည်ဟု ယုံကြည်လောက်သည့် သတင်းများကို ကိုးကားပြီး ကုလသမဂ္ဂက ပြောထားသည်။

တရုတ်ကမူ ဝီဂါများအား လွှဲမှားစွာ ဆက်ဆံနေခြင်း မရှိဟု ငြင်းဆန်ကာ ထို ကမ့်စခန်းများမှာလည်း အစွန်းရောက်ဝါဒကို ကိုင်တွယ်ဖြေရှင်းရေးလိုအပ်၍ ပညာပေးသင်ကြားပေးနေသည့် စင်တာများသာ ဖြစ်သည်ဟု ပြောဆို သည်။

“ရှင်ကျန်းဒေသက တိုင်းရင်းသားတွေ အားလုံးကြားမှာ တိုးတက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဘေးကင်းလုံခြုံမှုတွေဟာ တိုးပွားသထက် တိုးပွားနေပြီ ဖြစ်တယ်။”ဟု ရှင်ကျန်းတွင် သောကြာနေ့က ပြုလုပ်သည့် အာဏာရ ကွန်မြူ နစ်ပါတီ ညီလာခံတစ်ရပ်၌ ရှီကျင့်ဖျင်က ပြောကြောင်း ရှင်ဟွာသတင်းက ဖော်ပြသည်။

တရုတ်နိုင်ငံအကြောင်း နားလည်ရန်အတွက် ရှင်ကျန်းပြည်သူများကို ပညာပေးရန် လိုအပ်ကြောင်း၊ နိုင်ငံ၊ သမိုင်းနှင့် အမျိုးသားရေးတို့အပေါ် တိုင်းရင်းသားအားလုံးက မှန်ကန်စွာ ရှုမြင်ကြရန် လမ်းညွှန်ပေးရေး လိုအပ် ကြောင်း ရှီကျင့်ဖျင်က ဆိုသည်။

“ခေတ်သစ်မှာ ရှင်ကျန်းဒေသအတွက် ပါတီရဲ့ မဟာဗျူဟာက အပြည့်အဝမှန်ကန်တယ်ဆိုတာ လက်တွေ့ မြင်တွေ့နေရပါတယ်။”ဟု ဆိုရင်း ယင်းကို ရေရှည်ဖော်ဆောင်သွားရမည်ဖြစ်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဝီဂါများအား လူ့အခွင့်အရေး အလွဲသုံးစားမှုများ ပြုမှုဆက်ဆံသည်ဆိုကာ အမေရိကန်နိုင်ငံသည် တရုတ်တာဝန်ရှိသူများအား ဒဏ်ခတ်ပိတ်ဆို့မှုများကို ဇူလိုင်လအတွင်းက ချမှတ်ခဲ့သည်။ လူ့အခွင့်အရေး ချိုးဖောက်သူများ အား အမေရိကန်တွင် အကျိုးစီးပွားများ ပိတ်ဆို့ခြင်း၊ ခရီးသွားလာမှု တားမြစ်ခြင်းနှင့် ထိုသူများနှင့် အမေရိကန်နိုင်ငံသားများ စီးပွားရေး လုပ်ဆောင်ခြင်းများကို ပိတ်ပင်ခြင်းများ ချမှတ်နိုင်သည့် Global Magnitsky Act အက်ဥပဒေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly