ငှက်ထိန်းသိမ်းစောင့်ရှောက်ရေးမှ ရာသီဥတုပြောင်းလဲမှုအထိ ရွေ့လျားလာသည့် ထိုင်ဝမ် အမည် အငြင်းပွားမှု   

ငှက်ထိန်းသိမ်းစောင့်ရှောက်ရေးမှ ရာသီဥတုပြောင်းလဲမှုအထိ ရွေ့လျားလာသည့် ထိုင်ဝမ် အမည် အငြင်းပွားမှု   

စက်တင်ဘာ ၂၈

ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းများမှ ရည်ညွှန်းဖော်ပြနေမှုနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်မှုသည် ယခုအခါ အရိုင်းဆန် ငှက်ထိန်းသိမ်းစောင့်ရှောက်ရေးမှသည် ရာသီဥတု ပြောင်းလဲမှုအထိ ရွေ့လျားလာခဲ့ပြီ ဖြစ်သည်။ 

ယင်းမတိုင်မီက ကမ္ဘာလုံးဆိုင်ရာ မြို့တော်ဝန်များ မဟာမိတ်အဖွဲ့တစ်ခုက ယင်း၏ ဝက်ဘ်ဆိုဒ်တွင် ထိုင်ဝမ်၏ မြို့များကို တရုတ်ပိုင်အဖြစ် စတင် စာရင်းသွင်းခဲ့သည်။ 

ဒီမိုကရေစီစနစ် ကျင့်သုံးပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် လည်ပတ်နေသော ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်းအဖြစ် ရည်ညွန်းရန် တရုတ်အာဏာပိုင်တို့က နိုင်ငံတကာ အုပ်စုအဖွဲ့များနှင့် ကုမ္ပဏီများကို ဖိအားများ တိုးမြင့်ပေးထားခဲ့သည်။ ယင်းက ထိုင်ဝမ် အစိုးရနှင့် ယင်း၏ ပြည်သူအများအပြားကို ဒေါသထွက်စေခဲ့သည်။ 

ပေကျင်းသည် ထိုင်ဝမ်ကျွန်းကို ထိန်းရကျောင်းရခက်သော တရုတ်ပြည်နယ်တစ်ခုအဖြစ်မျှသာ ရှုမြင်သည်။ 

ဗြိတိန်အခြေစိုက် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ကူညီရေးအဖွဲ့တစ်ခုနှင့် လက်တွဲပူးပေါင်းမှုတစ်ရပ်ကနေ ထုတ်ပယ်ခံခဲ့ရကြောင်း ထိုင်ဝမ် ငှက် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တစ်ခုက ယခုလထဲတွင် ပြောသည်။ အဆိုပါ ဗြိတိန်အခြေစိုက် အဖွဲ့က ထိုင်ဝမ်၏ လွတ်လပ်မှုကို ထောက်ခံခဲ့ခြင်းမရှိဟု ထုတ်ဖော်ပြီး ထိုင်ဝမ် အဖွဲ့ကို အမည်နှင့် အမှတ်လက္ခဏာ မှတ်တမ်းများ ပြောင်းလဲရန် တောင်းဆိုခဲ့သည်။ 

ထို့ပြင် ထိုင်ဝမ် တောင်ပိုင်း Kaohsiung မြို့၏ အစိုးရက ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ပြောကြားရာတွင် ရာသီဥတုနှင့် စွမ်းအင် အရေး ကမ္ဘာလုံးဆိုင်ရာ မြို့တော်ဝန်များ ပဋိညာဉ်စာချုပ်အဖွဲ့၏ ဝက်ဘ်ဆိုဒ်တွင် Kaohsiung ကဲ့သို့သော ထိုင်ဝမ် အဖွဲ့ဝင်မြို့များကို တရုတ်အစိတ်အပိုင်းအဖြစ် စတင် စာရင်းသွင်းခဲ့သည်ဟု ပြောခဲ့သည်။ 

စက်တင်ဘာ ၂၇ ရက်တွင် ထိုင်ဝမ်အစိုးရက ယင်းအပေါ် ဒေါသဖြင့် တုံ့ပြန်ခဲ့သည်။ 

“ထိုင်ဝမ်က ထိုင်ဝမ်ဖြစ်တယ်၊ တရုတ်က တရုတ်ဖြစ်တယ်၊ ထိုင်ဝမ်ဟာ တရုတ်ရဲ့ မြို့တစ်မြို့ မဟုတ်ဘူး၊ တကယ်လို့ မမှန်ကန်တဲ့ အသုံးအနှုန်း ရှိရင် ဒါက အလွန့်အလွန်ကို မလျော်ကန်ဘူးလို့ ကျွန်တော်တို့ မြင်ပါတယ်” ဟု ထိုင်ဝမ် ဝန်ကြီးချုပ် ဆုစိန်ချန်းက သတင်းထောက်များကို ပြောသည်။ 

အမည် ကိစ္စ ပြင်ဆင်ပေးရန်နှင့် သို့မဟုတ်က ၎င်းတို့အနေဖြင့် အုပ်စုအဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထိုင်ဝမ် မြို့တော်ဝန် ခြောက်ဦးက ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ် အဖွဲ့ထံ တောင်းဆိုပေးပို့ထားသည့် ပူးတွဲစာတစ်စောင်၏ မူကြမ်းတစ်ခုကို Kaohsiung မြို့ အစိုးရက သတင်းထောက်များကို ဖြန့်ဝေခဲ့သည်။ 

ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ်စာချုပ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဌာနက ယင်းအဖွဲ့အနေဖြင့် ရာသီဥတု ဆိုင်ရာ ဆောင်ရွက်ချက်များကို အားပေးလုပ်ဆောင်နေပြီး နိုင်ငံရေးနှင့်ကင်းရှင်းသော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း အီးမေးလ်ကနေတဆင့် ထုတ်ပြန်ခဲ့သည်။ 

“အဖွဲ့အစည်း စတင်ချိန်ကတည်းက ကျွန်တော်တို့ဟာ နိုင်ငံတကာ ဓလေ့ထုံးစံတွေနဲ့အညီ မြို့တွေကို သတ်မှတ်ခဲ့ပါတယ်၊ ပြီးတော့ ဒါကို အဲဒီနောက်ပိုင်းကတည်းက အပြောင်းအလဲ မလုပ်ခဲ့ပါဘူး၊ မြို့တော်ဝန် ခြောက်ဦးဆီက ပန်ကြားချက်ကို ကျွန်တော်တို့ လက်ခံရရှိထားပြီး ဒီအပေါ်မှာ ချင့်တွက်နေပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အခြားသော ကျယ်ပြန့်သည့် အသေးစိတ် ရှင်းလင်းမှု ထွက်ပေါ်ခဲ့ခြင်း မရှိပေ။ 

ကမ္ဘာလုံးဆိုင်ရာ ပဋိညာဉ်စာချုပ်အဖွဲ့က ပြောကြားရာတွင် ယင်း၏ မစ်ရှင်သည် လူဦးရေ သန်း ၈၀၀ ကျော်ကို ကိုယ်စားပြုထားသည့် ကမ္ဘာတစ်ဝန်း မြို့ကြီးများတွင် ရာသီဥတုနှင့် စွမ်းအင်ဆိုင်ရာ လုပ်ဆောင်ချက်များကို အားတက်စေရန် လှုံ့ဆော်ရန် ဖြစ်သည်ဟု ပြောသည်။ မန်ဘာတစ်ဦးအဖြစ် ယင်းက စာရင်းသွင်းထားသည့် တစ်ခုတည်းသော တရုတ်မြို့က ဟောင်ကောင်ဖြစ်သည်။ 

ယခုကိစ္စနှင့်ပတ်သက်၍ သဘောထားမှတ်ချက်ပေးရန် ပန်ကြားချက်တစ်ခုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်အဖြေပေးခဲ့ခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly