ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့်ရုပ်သိမ်းပြီး ကန့်သတ်မှုတွေဖြေလျှော့

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ညမထွက်ရအမိန့်ရုပ်သိမ်းပြီး ကန့်သတ်မှုတွေဖြေလျှော့
Photo - AFP

စက်တင်ဘာ ၂၈  

ဩစတြေးလျနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုအဆိုးဆုံးပြည်နယ်ဖြစ်တဲ့ ဗစ်တိုးရီးယားမှာ ရောဂါကူးစက်သူ ၅ ဦးသာ ထပ်မံတွေ့ရှိတော့တာကြောင့် နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော် မဲလ်ဘုန်းဟာ  နှစ်လနီးပါးကြာမြင့်ပြီဖြစ်တဲ့ ညမထွက်ရအမိန့်ကနေ စက်တင်ဘာ ၂၈ ရက်မှာပဲ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။  

ဇွန်လ ၁၂ ရက်နောက်ပိုင်း ဗစ်တိုးရီးယားပြည်နယ်မှာ နေ့စဉ်ကူးစက်မှုအနည်းဆုံးအရေအတွက်ဖြစ်ခဲ့ပြီး ပြည်နယ်မြို့တော်မဲလ်ဘုန်းမှာ ဗိုင်းရပ်စ်ဆိုင်ရာထိန်းချုပ်မှုတွေကိုလည်း ဖြေလျှော့ပေးခဲ့ပါတယ်။  

မဲလ်ဘုန်းမြို့မှာ ကလေးစောင့်ရှောက်ရေးစင်တာတွေနဲ့ ဘာသာရေးဝန်ဆောင်မှုလုပ်ငန်းငယ်တွေကိုလည်း ပြန်လည် လည်ပတ်ခွင့်ပြုခဲ့ကာ ဆောက်လုပ်ရေးနဲ့ကုန်ထုတ်လုပ်မှုလိုမျိုး စက်မှုလုပ်ငန်းတွေ တားမြစ်ထားတာတွေကိုလည်း ရုပ်သိမ်းပေးခဲ့ပါတယ်။  

မဲလ်ဘုန်းနေပြည်သူတစ်ဦးဖြစ်တဲ့ ပီတာက “ကျွန်တော်တို့ကို အပြင်ထွက်ခွင့်ပြုလိုက်တာ တော်တော်လေး ကောင်းပါတယ်။ သိပ်မကြာခင်မှာ ဖြေလျှော့မှုတွေ ထပ်လုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောပါတယ်။ 

ဘာဘရာဆိုသူ အမျိုးသမီးက ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်ကို ခုလိုပဲပြောပြပါတယ်။ “ကန့်သတ်မှုတွေလုပ်တာ လွန်လွန်းတယ်လို့ကျွန်မထင်ပါတယ်။ ကိုဗစ်ဆိုတဲ့အရာကြီးတစ်ခုလုံးက ကမ္ဘာကြီးကိုထိန်းချုပ်တဲ့ စိတ်ဝေဒနာရှင် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ကပ်ရောဂါလှည့်ကွက်ပါပဲ။ အဓိကအားဖြင့် နိုင်ငံတကာဘဏ်လုပ်ငန်းရှင်တွေပေါ့။ ကာကွယ်ဆေးက တုပ်ကွေးရောဂါနဲ့ကိုဗစ်ကို တားဆီးနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး ကာကွယ်ဆေးမှာ သေးငယ်တဲ့ microchip ပါလာနိုင်ပြီး အရေပြားအောက်ကိုရောက်သွားလိမ့်မယ်။ သူတို့က ကျွန်မတို့ကို အခုလက်ရှိအချိန်ထက် ပိုပြီး ခြေရာခံနိုင်မှုတွေ လုပ်လာနိုင်ပါတယ်”  

မဲလ်ဘုန်းဒေသခံ ကမ်ဘဲလ်ဟေး က “လော့ဒေါင်းကတော့ ရှိနေဆဲပါ။ လော့ဒေါင်းက နောက်ထပ် အနည်းဆုံး နှစ်လလောက်အထိ သွားလိမ့်မယ်လို့ ပြည်နယ်ဝန်ကြီးအန်ဒရူးကပြောပါတယ်။ သေချာတာကတော့ အောက်တိုဘာလကုန်ထိပေါ့။ ကျွန်တော်တို့ ဘာလုပ်ကြရမလဲ။ ကျွန်တော်ဆို အခန်းငှားခ ပေးနိုင်မှာတောင် မဟုတ်တော့ဘူး။ ဗစ်တိုးရီးယားမှာ ဒီလိုလူတွေ သန်းပေါင်းများစွာရှိပါတယ်” လို့ ပြောပြပါတယ်။  

မဲလ်ဘုန်းမှာ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့သာခွင့်ပြုထားပြီး အရေးတကြီးမလိုအပ်တဲ့ လုပ်ငန်းတွေကိုတော့ ပြန်ဖွင့်ဖို့ တားမြစ်ထားဆဲဖြစ်တဲ့အတွက် လုပ်ငန်းရှင်အများအပြားက စိတ်ပျက်နေကြပါတယ်။   

ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီး ဒန်နီရယ်အန်ဒရူးက “ကူးစက်မှုနှုန်းတွေ ကျဆင်းလာတာ အရမ်း အရမ်းကို သိသာပါတယ်။  ဒီပုံစံအတိုင်းဆက်သွားမယ်ဆိုရင် ကန့်သတ်မှုတွေကို ထပ်ပြီးဖြေလျှော့သွားမယ်” လို့ ဆိုပါတယ်။ 

“ပုံမှန်အခြေအနေဆီ လှမ်းနိုင်ဖို့ ကျွန်တော်တို့တွေ အရမ်းကို နီးစပ်နေပါပြီ” လို့ အန်ဒရူးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly