နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တိုက်ပွဲဖြစ်လို့ လူအများအပြား သေဆုံး 

By AFP
28 September 2020
နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တိုက်ပွဲဖြစ်လို့ လူအများအပြား သေဆုံး 
Photo - AFP

စက်တင်ဘာ ၂၈

ရန်ဘက်တွေဖြစ်နေကြတဲ့ အာမေးနီးယားနိုင်ငံနဲ့ အဇာဘိုင်ဂျန်နိုင်ငံတို့အကြား ဆယ်စုနှစ်များစွာနဲ့ချီ ကြာနေတဲ့ နယ်မြေအငြင်းပွားမှုတစ်ခုနဲ့ပတ်သက်လို့ ယမန်နေ့ စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဒီလိုမျိုး နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်လို့ လူသေဆုံးစေတဲ့ တိုက်ပွဲတွေ ထဖြစ်လာခဲ့တာကနေ နှစ်နိုင်ငံအကြား မီးကုန်ယမ်းကုန် ပဋိပက္ခတိုက်ပွဲကြီး ဖြစ်တော့မယ့် ဆဲဆဲ အခြေအနေကို ရောက်လာခဲ့ချိန် နှစ်ဘက်အကြား တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းခဲ့ကြပါတယ်။ 

၂၀၁၆ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး ပဋိပက္ခတွေကြောင့် ဆိုဗီယက် ပြည်ထောင်စု အဖွဲ့ဝင်နိုင်ငံဟောင်းတွေဖြစ်တဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအကြား စစ်ပွဲသစ်တစ်ရပ် ဖြစ်လာနိုင်မယ့် အန္တရာယ်တွေ ပေါ်ပေါက်လာစေခဲ့ပါတယ်။ 

အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အာမေးနီးယား ကျောထောက်နောက်ခံပြု ခွဲထွက်ဒေသတစ်ခုဖြစ်တဲ့ နာဂေါ်နို ကာရာဘက်ခ် ဒေသနဲ့ပတ်သက်လို့ မတိုးသာ မဆုတ်သာ အခြေအနေတစ်ခုမှာ ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။ 

တိုက်ပွဲအတွင်း အာမေးနီးယား ခွဲထွက်ရေးဝါဒီ တိုက်ခိုက်ရေးသမား ၁၇ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ကာရာဘက်ခ်ရဲ့ သမ္မတ အရာယစ်ခ် ဟာရူယွန်ယန်က ပြောပါတယ်။ ဒါ့အပြင် ၎င်းတို့ တပ်ဖွဲ့တွေဟာ တပ်စခန်းနေရာတွေ ဆုံးရှုံးခဲ့တယ်လို့လည်း ဝန်ခံသွားခဲ့ပါတယ်။ 

တိုက်ပွဲကြောင့် နှစ်ဘက်စလုံးမှာ အရပ်သား သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

“အဇာဘိုင်ဂျန်ရဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ တကယ် စိတ်ကုန်နေပါပြီ၊ ဒီ ပြဿနာကို အပြီးအပြတ် ပြေလည်အောင် ရှင်းဖို့ ကျွန်တော်တို့ အသက်သေသည်အထိ တိုက်သွားပါမယ်” လို့ အာမေးနီးယား မြို့တော် ယီရီဗန်ရှိ အသက် ၃၆ နှစ်ရှိ အာတက်ခ် ဘက်ဒါဆာယန်က အေအက်ဖ်ပီကို ပြောပါတယ်။ ထို့ပြင် ၎င်းဟာ စစ်တပ်ထဲ စစ်မှုထမ်းဖို့ စောင့်ဆိုင်းနေတယ်လို့လည်း ပြောသွားပါတယ်။ 

တိုက်ပွဲတွေကြောင့် အာမေးနီးယား အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ကာရာဘက်ခ် ခွဲထွက်ရေးသမားတွေက ပြောပါတယ်။ တစ်ချိန်တည်းမှာလည်းပဲ အာမေးနီးယား ခွဲထွက်ရေးသမားတွေရဲ့ ပစ်ခတ်လိုက်တဲ့ အမြှောက်ကြောင့် လူငါးဦး ရှိ အဇာဘိုင်ဂျန် မိသားစု တစ်စု သေဆုံးခဲ့တယ်လို့ အဇာဘိုင်ဂျန် မြို့တော် ဘာကူက ထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် ကာရာဘက်ခ် ရှိ မဟာဗျူဟာကျ တောင်ကုန်းတစ်ခုကို သိမ်းယူနိုင်ခဲ့ကြောင်း၊ ယင်းက ယီရီဗန်နဲ့ နယ်မြေစုအကြား သယ်ယူပို့ဆောင်ရေး ဆက်သွယ်မှုတွေကို ကူညီထိန်းချုပ်နိုင်ကြောင်း အဇာဘိုင်ဂျန်က ပြောပါတယ်။ 

ကာရာဘက်ခ် သူပုန်တပ်ဖွဲ့တွေက အဇာဘိုင်ဂျန် တပ်ဖွဲ့ဝင် ၂၀၀ လောက်ကို သတ်ဖြတ်ခဲ့ပြီး ရန်သူ့ အမြှောက် ၃၀ လောက်နဲ့ ဒရုန်း ၂၀ ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အာမေးနီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အက်စရွန် ဟိုဟန်နီစယန်က ပြောသွားခဲ့ပါတယ်။ 

 “ကျွန်မတို့ဟာ အတိုင်းအတာကြီး စစ်ပွဲတစ်ခုကို ရောက်ဖို့ ခြေတစ်လှမ်းအကွာမှာ ရှိနေပါပြီ” လို့ နိုင်ငံတကာ အကျပ်အတည်းဆိုင်ရာ အဖွဲ့က အိုလက်စယာ ဗာတန်ယန်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ဒီ လက်ရှိ ပဋိပက္ခ အရှိန်မြင့်လာမှုရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုကတော့ သီတင်းပတ်တွေနဲ့ချီ နှစ်ဘက်အကြားမှာ ဖြစ်လာမှ တုံ့ပြန်တာထက် ဖြစ်အောင် အခြေအနေကို ဖန်တီးယူမှု ရှိတဲ့ နိုင်ငံတကာ ဖျန်ဖြေမှု ဘာမှ မရှိတာပါပဲ” လို့ သူက ပြောပါတယ်။ 

“စစ်ပွဲက ပြန်စနေပါပြီ၊ ဒီတော့ ဒါကို တားဆီးဖို့ ရုရှား ၊ ပြင်သစ်၊ အမေရိကန် တို့အနေနဲ့ တစ်ဦးချင်းပဲဖြစ်ဖြစ်၊ ပူးပေါင်းပြီးပဲဖြစ်ဖြစ် လုပ်ဖို့ အချိန်ရောက်နေပါပြီ” လို့ Carnegie မော်စကို စင်တာမှ ညွန်ကြားရေးမှူး ဒီမစ်ထရီ ထရီနင်က ပြောပါတယ်။ 

တနင်္ဂနွေ မနက်ပိုင်းမှာ အရပ်သားပစ်မှတ်တွေအပါအဝင် ကာရာဘက်ခ်ရဲ့ ရှေ့တန်းနေရာတစ်လျှောက်နဲ့ စတက်ပန်နက်ကာခ်တို့မှာ ဗုံးကြဲတိုက်ခိုက်တာတွေ အဇာဘိုင်ဂျန်ဘက်က စလုပ်ခဲ့တာဖြစ်ကြောင်း ကာရာဘက်ခ် သမ္မတက ပြောပါတယ်။ 

အဇာဘိုင်ဂျန် ရဟတ်ယာဉ် လေးစင်းနဲ့ ဒရုန်း ၁၅ စင်းကို ယင်းရဲ့ တပ်ဖွဲ့ဝင်တွေက ပစ်ချခဲ့တယ်လို့ သူပုန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပေမယ့် ဒီ ပြောဆိုချက်ကို ဘာကူက ငြင်းဆန်ပါတယ်။ 

ဇူလိုင်လမှာတော့ ကာရာဘက်ခ်ကနေ ကီလိုမီတာ ရာချီအကွာရှိ နှစ်နိုင်ငံ အကြား ထိစပ်နေတဲ့ နယ်စပ်တစ်လျှောက်မှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ နှစ်ဘက်စလုံးမှာ စစ်သား ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။ 

၂၀၁၆ ခုနှစ် ဧပြီလမှာ အဆိုးရွားဆုံး ပဋိပက္ခတိုက်ပွဲတွေအတွင်း လူ ၁၁၀ လောက် သေဆုံးခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly