မြောက်ကိုရီးယား တည်ထောင်မှု နှစ်ပတ်လည် သဝဏ်လွှာအတွက် ကင်ဂျုံအွန်က သမ္မတ ဦးဝင်းမြင့်ကို ကျေးဇူးတင်ကြောင်း အကြောင်းပြန်

မြောက်ကိုရီးယား တည်ထောင်မှု နှစ်ပတ်လည် သဝဏ်လွှာအတွက် ကင်ဂျုံအွန်က သမ္မတ ဦးဝင်းမြင့်ကို ကျေးဇူးတင်ကြောင်း အကြောင်းပြန်
Photo - AFP

စက်တင်ဘာ ၂၇၊ ၂၀၂၀

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်မှု ၇၂ နှစ်ပြည့် နှစ်ပတ်လည်အတွက် သဝဏ်လွှာ ပေးပို့မှုကို အလွန်ကျေးဇူးတင်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သမ္မတ ဦးဝင်းမြင့်ထံ အကြောင်းပြန်ကြားခဲ့သည်။

ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ခေါင်းဆောင်ကြီး ကင်ဂျုံအွန်က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဉီးဝင်းမြင့်ထံ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျေးဇူးတင်ကြောင်း အကြောင်းပြန်ကြားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အကြောင်းပြန်ကြားစာတွင် ဂုဏ်ပြုခြင်းနှင့် ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့ သမ္မတနိုင်ငံ ၇၂ နှစ်ပြည့် နှစ်ပတ်လည်အတွက် ဆုမွန်ကောင်း တောင်းပေးခြင်းအတွက် အလွန်ကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် နှစ်နိုင်ငံအကြား ချစ်ကြည်စွာနှင့် ပူးပေါင်းမှုရှိသည့် ဆက်ဆံရေးသည် ပိုမိုခိုင်မာပြီး တိုးတက်လာမည်ဟု ယုံကြောင်း အခွင့်သင့်ခိုက် ခေါင်းဆောင် ကင်ဂျုံအွန်က ထုတ်ဖော်ပြောဆိုလိုပါသည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မြန်မာနှင့် မြောက်ကိုရီးယား သံတမန် ဆက်ဆံရေးကို ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့သည်။ ၁၉၈၃ ခုနှစ်၊ အောက်တိုဘာလက ရန်ကုန် အာဇာနည်ဗိမာန်တွင် မြောက်ကိုရီးယား သူလျှိုများက တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်ကို ပစ်မှတ်ထား ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပြီးနောက် သံတမန် အဆက်အသွယ် ပြတ်တောက်ခဲ့သည်။

၂၀၀၇ ခုနှစ်၊ ဧပြီလတွင်မှ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက သံတမန် ဆက်ဆံရေးကို ပြန်လည် ထူထောင်ခဲ့ပြီး နောက်တစ်နှစ်တွင် ထိုစဉ်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း ပြုံယမ်းသို့ လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly