လွိုင်ကော်မြို့တွင် ကက်သလစ် ဘုန်းတော်ကြီးများ ကားဖြင့်လှည့်၍ မေတ္တာရည် ပက်ဖြန်း

လွိုင်ကော်မြို့တွင် ကက်သလစ် ဘုန်းတော်ကြီးများ ကားဖြင့်လှည့်၍ မေတ္တာရည် ပက်ဖြန်း
ဓာတ်ပုံ - သန်းထိုက်ဦး

၂၇ စက်တင်ဘာလ ၂၀၂၀

ကိုဗစ်ရောဂါ ကင်းစင်းရေးအတွက် ရည်ရွယ်ပြီး ကယားပြည်နယ် လွိုင်ကော်မြို့အတွင်း ကက်သလစ် ဘုန်းတော်ကြီးများ ကားများဖြင့် လှည့်လည်၍ အမွှေးနံ့သာနှင့် မေတ္တာရည် ပက်ဖြန်းခြင်းတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်က ပြုလုပ်ကြသည်။

ကယားပြည်နယ် အစိုးရက ကြီးမှူး၍ လွိုင်ကော်မြို့တွင်းရှိ ကက်သလစ် ဘုန်းတော်ကြီးများ ပူးပေါင်းကာ ယခုကဲ့သို့ ကျင်းပရခြင်း ဖြစ်ကြောင်း ခရစ်တော်ဘုရင် ဗဟို ဘုရားကျောင်းတော် တိုက်နယ် ဘုန်းတော်ကြီး ဘရွှေက ပြောသည်။

ဓာတ်ပုံ - သန်းထိုက်ဦး

“ကျွန်တော်တို့ ကယားပြည်နယ်ကတော့ ကိုဗစ် ကင်းစင်းနေတယ်ပေါ့။ ဆက်လက်ပြီး ဘုရားသခင် ကာကွယ် စောင့်ရှောက်ခြင်း ကောင်းချီးမင်္ဂလာရရှိဖို့လိုတယ်။ ဘုရားသခင် ကာကွယ်စောင့်ရှောက်ဖို့အတွက် ကျနော်တို့ ကိုယ်တော်မြတ် စက္ကရမင်တူးနဲ့ လှည့်လည်ပြီးမှ ပရိတ်မင်္ဂလာရည်နဲ့ ပက်ဖြန်းမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘုန်းတော်ကြီး ငါးပါးနှင့်အတူ လွိုင်ကော်မြို့တွင်းရှိ တိုက်ခြောက်လုံး အရှေ့မှ နာနတ်တောရပ်ကွက်၊ ဒေါဥခူ ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ ဒေါနိုကူးရပ်ကွက်နှင့် မင်းစု ရပ်ကွက်တို့ကို ကားဖြင့် လှည့်လည်ခြင်းဖြစ်သည်။ ဘုန်တော်ကြီးများ အကူအညီတောင်းခံမှုကြောင့် ပြည်နယ်ရဲအဖွဲ့မှ ရှေ့ပြေးအနေဖြင့် တာဝန်ယူပေးကြောင်း သိရသည်။

ဓာတ်ပုံ - သန်းထိုက်ဦး

“သခင် ယေရူရဲ့ အသွေးတော် သားတော်ဖြစ်တဲ့ ကိုယ်တော်မြတ် စက္ကရမင်တူးကို ပင့်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ မင်္ဂလာရည် ပက်ဖြန်းမယ့် ဘုန်းတော်ကြီး တစ်ပါးစီ၊ တစ်ပါးစီ လိုက်မှာ ဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ ကျနော်တို့ အမွှေးနံ့သာနဲ့ ပူဇော်မှာ ဖြစ်ပါတယ်” ဟု ဘုန်းတော်ကြီး ဘရွှေက ရှင်းပြသည်။ 

ဘုန်းတော်ကြီးများ ကားများဖြင့် လှည့်လည်နေစဉ် ကက်သလစ်ဘာသာဝင် အချို့က အိမ်ရှေ့မှ ထွက်ကြို၍ ဖယောင်းတိုင်များ ထွန်းကာ ဆုတောင်းခြင်းများ ပြုလုပ်နေကြသည်ကို တွေ့မြင်ရသည်။ 

ဓာတ်ပုံ - သန်းထိုက်ဦး

အလားတူ မနက်ဖြန် စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း လွိုင်ကော်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ်မည်ဟု သိရှိရသည်။ 

ကယားပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသေးသည့် ပြည်နယ်အဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly