ရှင်ကျန်း၌ ကျင့်သုံးသည့် တရုတ်၏ စစ်ပုံသွင်း အသက်မွေးမှု လေ့ကျင့်မှုက တိဘတ်သို့ ရောက်ရှိလာဟု ဆို

ရှင်ကျန်း၌ ကျင့်သုံးသည့် တရုတ်၏ စစ်ပုံသွင်း အသက်မွေးမှု လေ့ကျင့်မှုက တိဘတ်သို့ ရောက်ရှိလာဟု ဆို

စက်တင်ဘာ ၂၇ 

တိဘတ်ဒေသရှိ ကျေးလက်နေ အလုပ်သမားများသည် ယခုအခါ စစ်တပ်ပုံစံ လေ့ကျင့်သင်ကြားမှု ကမ့်စခန်းများတွင် အတင်းအကျပ် ရောက်ရှိနေပြီဖြစ်ကြောင်း၊ အဆိုပါ စခန်းများသည် အနောက်ပိုင်း ရှင်ကျန်းဒေသတွင် တရုတ်အစိုးရက နှစ်များနှင့်ချီ တည်ဆောက် လည်ပတ်စီမံနေသော ကမ့်စခန်းများနှင့် အလားသဏ္ဍာန်တူကြောင်း အမေရိကန်အခြေစိုက် think tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့) တစ်ခုက ပြောသည်။ 

“ရှေ့အနာဂတ်ထက် အတိတ်ကို ပိုမိုစွဲကိုင်ထားသော သဘောထားအယူအဆ” ကို ပြုပြင်ပြောင်းလဲရန်နှင့် စနစ်တကျရှိပြီး ဗဟိုချုပ်ကိုင်သော အရွယ်အစားကြီး လေ့ကျင့်မှုများကို အားပေးအားမြှောက်ပြုရန် ရည်ရွယ်ချက်ရှိသော ရှင်ကျန်းဒေသရှိ နှစ်များနှင့်ချီ လည်ပတ်နေသည့် လေ့ကျင့်မှုက ယခုအခါ တိဘတ်သို့ ရောက်ရှိထားခဲ့ပြီဖြစ်ကြောင်း သုတေသီ အန်ဒရီယန် ဇန်က ပြောသည်။ 

သုတေသီ အန်ဒရီယန် ဇန်သည် ဝါရှင်တန် အခြေစိုက် သုတေသနနှင့် အကဲဖြတ်လေ့လာမှုအဖွဲ့ The Jamestown Foundation က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ရေးသားခဲ့သူလည်း ဖြစ်သည်။ 

အတိုင်းအတာ ကြီးမားသော လေ့ကျင့်သင်ကြားမှုကို အားပေးမည့်၊ “ကျေးလက်နေ ပိုလျှံ လုပ်သားများ” ကို ၂၀၁၉ နှင့် ၂၀၂၀ အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) ၏ အခြား ပြည်နယ်များသို့ လွှဲပြောင်းပေးမည့် မူဝါဒများကို တိဘတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) က မိတ်ဆက်အဆိုပြုထားခဲ့ကြောင်း “ရှင်ကျန်း၏ စစ်ပုံသွင်း အသက်မွေးမှု လေ့ကျင့်သင်ကြားမှုစနစ် တိဘတ်သို့ ရောက်ရှိ” ဟု အမည်ပေးထားသော အစီရင်ခံစာက ပြောသည်။ 

အစီရင်ခံစာ၏ အဆိုအရ ဤအစီအစဉ်တွင် အသက်အရွယ်အပိုင်းအခြားစုံ တိဘတ်များ ပါဝင်ပြီး ယင်းက အလယ်တန်းကျောင်းသားများနှင့် လူငယ်များကို အတင်းအကျပ်ခိုင်းသော အသက်မွေးမှုဆိုင်ရာ လေ့ကျင့်မှုနှင့် ကွဲပြားကြောင်း ဖော်ပြထားသည်။ 

“ခေတ်နောက်ကျန်သော အယူအဆ သဘောထား” ကို ပြုပြင်ပြောင်းလဲရန်ရည်ရွယ်ပြီး  “အလုပ် စည်းကမ်း” နှင့် ဥပဒေဆိုင်ရာ လေ့ကျင့်မှု ပါဝင်မည့် ဗဟိုကချုပ်ကိုင်သော “စစ်တပ်ပုံစံ” အသက်မွေးမှု လေ့ကျင့်မှုကို တောင်သူ လယ်သမားများ၊ စိုက်ပျိုးမွေးမြူးရေးသမားများ လိုက်နာလုပ်ဆောင်ရမည်ဖြစ်ကြောင်း အလုပ်သမား လွှဲပြောင်းရေး မူဝါဒက ဆိုထားသည်။ 

“တိဘတ်တွေကို လုပ်ကိုင်လိုစိတ် မရှိတာကနေ ပူးပေါင်းပါဝင်လိုစိတ် ရှိလာတဲ့ အခြေအနေကို ပြောင်းလဲသွားရမယ် ဆိုပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အစီရင်ခံစာတွေက စာရွက်စာတမ်းတွေက ဖော်ပြပါတယ်၊ ဘာသာရေးရဲ့ အနုတ်သဘောဆောင်တဲ့ လွှမ်းမိုးမှုတွေ လျော့ပါးစေမှု လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခုပေါ့” ဟု အန်ဒရီယန်က ရေးသားခဲ့သည်။ 

ယင်းအပြင် အစီအစဉ်က တိဘတ်များကို လုပ်ခစား အလုပ်သမားအဖြစ် ပြောင်းလဲစေပြီး ၎င်းတို့၏ မြေ၊ အိမ်ရာအဆောက်အအုံများကို အစိုးရ စီမံသည့် သမဝါယမ အဖွဲ့များထံ လွှဲပြောင်းပေးရန် တိုက်တွန်းထားသည်။ ယင်းအစီအစဉ်သည် ဆင်းရဲနွမ်းပါးမှု အလုံးစုံ ပပျောက်စေရေး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကို ပြည့်မီစေရန် ရည်ရွယ်ကြောင်း အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရသည်။ 

ယင်း အသက်မွေးမှု အစီအစဉ်သည် “ရှင်ကျန်းဒေသတွင် တည်ထောင်ထားသည့် အတင်းအကျပ် ခိုင်းစေသော အသက်မွေးမှု လေ့ကျင့်သင်ကြားမှု၊ အလုပ်သမား လွှဲပြောင်းမှု” စနစ်နှင့် နီးနီးကပ်ကပ် တူညီမှုများရှိခြင်းကို ပြသနေသည်ဟု အန်ဒရီယန်က ပြောသည်။ 

“အစီအစဉ် နှစ်ခုစလုံးမှာ တူညီသော ပစ်မှတ် အဖွဲ့အုပ်စု ရှိတယ်၊ အသံတိတ်နေတဲ့ လူနည်းစု အုပ်စုကို သူတို့ရဲ့ အစဉ်အလာ သမားရိုးကျ အသက်မွေးဝမ်းကျောင်း နည်းလမ်းတစ်ခုကို ပြောင်းလဲဖို့၊ စည်းကမ်းရှိမှုနဲ့ လိုက်နာမှု တို့ကို ဖြစ်စေဖို့ စစ်တပ် လေ့ကျင့်မှုနဲ့ စစ်တပ်စတိုင် လေ့ကျင့်သင်ကြားမှုဆိုင်ရာ စီမံခန့်ခွဲမှုတွေ အသုံးပြုဖို့၊ အလုပ်သမားတွေရဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ကိုယ်ပိုင်လက္ခဏာရပ်တွေကို အသွင်ပြောင်းရေး လိုအပ်မှုကို အလေးပေးဖို့၊ သူတို့ရဲ့ နောက်တွန့်မှုတွေကို ပြုပြင်ပြောင်းလဲဖို့၊ ဥပဒေနဲ့ တရုတ်ဘာသာ သင်ကြားဖို့၊ သိမြင်လက်ခံထားတဲ့ ဘာသာရေးရဲ့ အနုတ်လက္ခဏာဆောင်တဲ့ လွှမ်းမိုးမှုကို အားနည်းစေအောင် ရည်ရွယ်ဖို့၊ အသေးစိတ် အကန့်အသတ်ခွဲတမ်းတွေ ပြဋ္ဌာန်းဖို့နဲ့ ပရိုဂရမ် ရည်မှန်းချက်တွေ အောင်မြင်အောင် တာဝန်ရှိသူတွေအပေါ် ကြီးကြီးမားမား ဖိအားပေးဖို့အတွက် ဒီ လူနည်းစုအုပ်စုကို စည်းရုံးဖို့ အထူး စွမ်းအားမြှင့်တင်ပြီး အာရုံစိုက်ပါတယ်” ဟု ၎င်းက ရေးခဲ့သည်။ 

ရှင်ကျန်းဒေသ၏ လွှဲပြောင်းမှု အစီအစဉ်နှင့် အခြား တူညီသည့်အချက်များတွင်လည်း ပေါင်းစည်းထားသည့် စီမံလုပ်ဆောင်မှု၊ အားကောင်းသည့် အစိုးရ၏ ပါဝင်ပတ်သက်မှုနှင့် ကြားလူများအတွက် ဘဏ္ဍာရေး မက်လုံးများ တို့ ပါဝင်နေသည်။  

ဖြစ်စဉ်နှစ်ခုစလုံး၌ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးက စစ်မြေပြင်တစ်ခုပင် ဖြစ်ပြီး ယင်းကဲ့သို့ အလုပ်မျိုးကို စစ်တပ် ကဲ့သို့ “ကွပ်ကဲအမိန့်ပေးမှု” ပုံစံတစ်ခုအောက်တွင် စီစဉ်ရမည်ဖြစ်ကြောင်း အစိုးရအထောက်အထားစာရွက် စာတမ်းများက ရှင်းရှင်းလင်းလင်း ပြသနေသည်။ 

ရှင်ကျန်းရှိ ဝီဂါများ ဖြစ်စဉ်ကဲ့သို့ပင် အလုပ်သမား လွှဲပြောင်းမှုအပေါ် တိဘတ်တို့၏ ခုခံမှုကို ကျော်လွှားရေးက အလုံးစုံ လုပ်ထုံးလုပ်နည်းယန္တရား၏ အဓိက အချက်အချက်တွင် ရှိနေသည်။ 

“ အသက်မွေးမှု လေ့ကျင့်ရေး လုပ်ငန်းစဉ်ကို တင်းကျပ်သော စစ်တပ်ပုံစံ စီမံခန့်ခွဲမှုက လူအများအပြားကို စည်းကမ်းနှင့်အညီ လိုက်နာရန် ဖြစ်စေမည်ဖြစ်ပြီး ၎င်းတို့၏ မျိုးချစ်စိတ်ထက်သန်သော အသိစိတ်များကို အလျင်မပြတ် အားကောင်းစေကာ ၎င်းတို့၏ အတိတ်ကို စွဲကိုင်သော အယူအဆသဘောထားများကို ပြောင်းလဲစေမည်ဖြစ်ကြောင်း စာရွက်စာတမ်းများက ဖော်ပြထားသည်၊ ယင်းတွင် လေ့ကျင့်မှု စည်းမျဉ်းများကို ပိုမိုတင်းကျပ်စေရန် ပြည်တွင်း ကေဒါများ ပါဝင်လုပ်ဆောင်နိုင်ဖွယ် ရှိသည်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ 

ရှင်ကျန်းရော၊ တိဘတ်ရောတွင် နိုင်ငံက ပြဋ္ဌာန်းသည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အစိုးရ၏ လူမှုဆိုင်ရာ ထိန်းချုပ်မှုက မိသားစုအစုအဖွဲ့များအထိ နက်နက်ရှိုင်းရှိုင်း ရောက်ရှိမည့် အပေါ်က ဆွဲပေးပြီး ချမှတ်သည့် အစီအစဉ်တစ်ခုဖြင့် ဖွဲ့စည်းထားကြောင်း အန်ဒရီယန်က ပြောသည်။ 

ဒေသနှစ်ခုစလုံးတွင် မကြာသေးခင်ကမှ ဗဟိုချုပ်ကိုင်သော စီမံခန့်ခွဲမှု ယန္တရားများကို မှီခိုသည့် အလုံးစုံကျယ်ပြန့်သော အစီအစဉ်တစ်ခုနှင့် အတွေးအခေါ် အသွင်ပြောင်းလဲခြင်း၊ မျိုးချစ်စိတ်ထက်သန်မှုနှင့် ဥပဒေ ဆိုင်ရာ သင်ကြားမှုတို့ ပါဝင်သော စစ်ပုံစံသွင်း လေ့ကျင့်ရေး လုပ်ငန်းစဉ်တစ်ခုကို အကောင်အထည်ဖော်ထားပြီ ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly