COVID-19 ကပ်ဘေး၌ တစ်ကမ္ဘာလုံးအတွက် အိန္ဒိယက အကူအညီ ဖြစ်စေရမည်ဟု ဝန်ကြီးချုပ်မိုဒီ ကတိပြု

COVID-19 ကပ်ဘေး၌ တစ်ကမ္ဘာလုံးအတွက် အိန္ဒိယက အကူအညီ ဖြစ်စေရမည်ဟု ဝန်ကြီးချုပ်မိုဒီ ကတိပြု

စက်တင်ဘာ ၂၇

COVID-19 တိုက်ဖျက်ရေး၌ အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေး ထုတ်လုပ်နိုင်မှု စွမ်းဆောင်ရည်ကို တစ်ကမ္ဘာလုံး အကျိုးခံစားစေရမည်ဟု ဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ကုလသမဂ္ဂတွင် စက်တင်ဘာ ၂၆ ရက်က ပြောသည်။  

“ကမ္ဘာမှာ အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ အကြီးမားဆုံး နိုင်ငံဖြစ်တာကြောင့် ဒီကနေ့မှာ တစ်ကမ္ဘာလုံးကို ကျွန်တော် အာမခံကတိပေးချင်ပါတယ်။”ဟု ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပေးပို့သော မိန့်ခွန်းတွင် မိုဒီက ပြောထားသည်။ 

“အခု ကပ်ဘေးကို တိုက်ဖျက်ကြရာမှာ ကမ္ဘာသူ ကမ္ဘာသားအားလုံးကို အိန္ဒိယရဲ့ ကာကွယ်ဆေး ထုတ်လုပ်မှုနဲ့ ဈေးကွက်ဖြန့်ဝေမှု လုပ်နိုင်စွမ်းနဲ့ အကူအညီပေးသွားမှာ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။ 

ထိုပြင် “ကာကွယ်ဆေးတွေ ဖြန့်ဝေဖို့အတွက် အားနည်းတဲ့ ဈေးကွက်လမ်းကြောင်းနဲ့ သိုလှောင်မှု စွမ်းရည်ကို မြှင့်တင်ရာမှာလည်း နိုင်ငံအားလုံးကို အိန္ဒိယက ကူညီသွားမယ်။”ဆိုပြီးလည်း ၎င်းက ဖြည့်စွက်ပြောသည်။ 

အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်ရာတွင် ဘေးကင်းစိတ်ချရမှုနှင့် ထိရောက်မှုတို့ကို တိုင်းတာစစ်ဆေးသည့် အရေးပါဆုံးအဆင့်ဖြစ်သော အဆင့် (၃) လက်တွေ့စမ်းသပ်မှုကို လုပ်ဆောင်ရန် ရှိနေပြီဟုလည်း မိုဒီက ဆိုသည်။  

သိပ္ပံပညာရှင်များက ရှေ့တိုးလုပ်ဆောင်ရန် မီးစိမ်းပြသည့်အချိန်၌ အိန္ဒိယနိုင်ငံသည် COVID-19 ကာကွယ်ဆေးကို အမြောက်အမြား ထုတ်လုပ်ရန် အဆင်သင့် ဖြစ်နေသည်ဟု ဩဂုတ်လအတွင်းကလည်း မိုဒီက ပြောဖူးသည်။ 

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရပ်စ်က ကမ္ဘာ့နေရာတိုင်းက လူတိုင်း ရနိုင်၊ တတ်နိုင်သည့် ကာကွယ်ဆေး ထုတ်လုပ်ရေးအတွက် တွန်းအားပေးလျက် ရှိပြီး အချို့သော နိုင်ငံများမှာ ၎င်းတို့၏ နိုင်ငံသားများအတွက်သာ အဓိကထားနေသည်မှာ စိုးရိမ်ပူပန်စရာ ဖြစ်သည်ဟုလည်း ထုတ်ဖော်ပြသသည်။ 

“ကာကွယ်ဆေး မျက်ကန်းမျိုးချစ်ဝါဒ vaccinationalism မျိုးဟာ တရားမျှတမှု မရှိရုံမက ကိုယ်ကိုကို ချောင်ပိတ်မိရာလည်း ရောက်ပါတယ်။ ကျွန်တော်တို့ အားလုံး တစ်ဦးတစ်ယောက်မှ မကျန်အောင် ဘေးမကင်းမချင်း ကမ္ဘာမှာ ဘယ်သူမှ ဘေးကင်းလိမ့်မှာ မဟုတ်ဘူး။ အားလုံးက ဒါကို သိပြီးသားပဲ ဖြစ်ပါတယ်။”ဟု ဂူတာရပ်စ်က အထွေထွေညီလာခံတွင် အင်္ဂါနေ့က ပြောခဲ့သည်။ 

ပြီးခဲ့သည့် သောကြာနေ့၌ ဩစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆန်ကလည်း “ကာကွယ်ဆေး တွေ့သည့် ဘယ်နိုင်ငံမဆို ဒီ ကာကွယ်ဆေးကို ခွဲဝေ ပေးကို ပေးရမယ်။”ဟု အထွေထွေညီလာခံသို့ ပြောဆိုခဲ့သည်။ 

“တစ်ချို့က မျက်တောင်တစ်ဆုံးက အကျိုးအမြတ်ကိုပဲ ကြည့်နိုင်တယ်။ ဒီလို လူမျိုးတွေကို ကျွန်တော် တစ်ထစ်ချပြောထားချင်တာက လူ့သမိုင်းရဲ့ မှတ်ကျောက်တင်ခံရမယ်ဆိုတာပဲ။”ဟု မော်ရစ်ဆန်က ပြောသည်။ 

“ဩစတြေးလျရဲ့ အာမခံချက်ကတော့ ရှင်းလင်းပြတ်သားပါတယ်။ တကယ်လို့ ကျွန်တော်တို့ ကာကွယ်ဆေး တွေ့ပြီဆိုရင် ဒါကို ခွဲဝေပေးမှာ ဖြစ်တယ်။ ဒီ အာမခံကတိပြုချက်ဟာ ကျွန်တော်တို့ အားလုံး လိုက်နာရမယ့် အရာပဲ ဖြစ်တယ်။”ဟု ၎င်းက ဆိုသည်။ 

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ကုလသမဂ္ဂသို့ သောကြာနေ့က ပြောရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ရရှိလာသည့်အခါတွင် လူ့အသိုင်းအဝိုင်းမှ ဆင်းရဲသော၊ အားနည်းသော သူများကို ဦးစားပေးသွင်းသင့်သည်ဟု ပြောခဲ့သည်။ 

တရုတ်ပြီးလျှင် ကမ္ဘာ၌ ဒုတိယလူဦးရေအများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၅ ဒသမ ၈ သန်းရှိကာ အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ဒုတိယအများဆုံးပဲ ဖြစ်သည်။ 

ယခု သီတင်းပတ်အထိ သေဆုံးနှုန်းသည် ကိုးသောင်းကျော်အထိ ရှိလာခဲ့ပြီး နိုင်ငံ၏ ထူထပ်သော လူဦးရေနှင့် ပီပီပြင်ပြင် မရှိသော ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံများကြောင့် ကပ်ဘေးကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းအားထုတ်မှုများမှာ ဝန်နှင့် အားမမျှဘဲ ဖြစ်နေရာ ကမ္ဘာတွင် နေ့စဉ်ကူးစက်မှုအများဆုံးအဖြစ် ဆက်တိုက်ရှိနေခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required