ဘောလိဝုဒ်မင်းသမီး ဒီးပီကာ ပါဒူကွန် မူးယစ်ဆေးကိစ္စအတွက် စစ်ဆေးမေးမြန်းခံနေရ 

By AFP
27 September 2020
ဘောလိဝုဒ်မင်းသမီး ဒီးပီကာ ပါဒူကွန် မူးယစ်ဆေးကိစ္စအတွက် စစ်ဆေးမေးမြန်းခံနေရ 
Photo - AFP

စက်တင်ဘာ ၂၇ 

မူးယစ်ဆေးကိစ္စနဲ့ စစ်ဆေးမေးမြန်းဖို့အတွက် ဘောလိဝုဒ် မီဂါစတားတစ်ဦးဖြစ်တဲ့ မင်းသမီး ဒီးပီကာ ပါဒူကွန်ကို စက်တင်ဘာ ၂၆ ရက်မှာ အိန္ဒိယ ရဲတပ်ဖွဲ့က ခေါ်ယူသွားခဲ့ပါတယ်။ ဒါဟာ မင်းသား ဆူရှန့် ဆင်းန် ရာဂျ်ပွတ် ကွယ်လွန်ပြီးနောက် အရှိန်ပိုမြင့်လာတဲ့ မူးယစ်ဆေးဝါးကိစ္စ စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့ ခုလိုမျိုး မင်းသမီး ပါဒူကွန်လည်း စစ်မေးခံနေရတာဖြစ်ပါတယ်။ 

မင်းသား ရာဂျ်ပွတ်ကိုတော့ ပြီးခဲ့တဲ့ ဇွန်လက ၎င်းရဲ့ တိုက်ခန်းမှာ သေဆုံးလျက်သား တွေ့ခဲ့ရတာဖြစ်ပါတယ်။ ရာဂျ်ပွတ် သေဆုံးမှုဟာ မီဒီယာတွေအကြား အုတ်သြသောင်းနင်း ဖြစ်စေခဲ့ပြီး သတင်းချန်နယ်တွေရဲ့ မှန်းဆဖော်ပြချက်တွေအရလည်း ၎င်းရဲ့ ချစ်သူဟောင်း မင်းသမီး ရီယာ ချာကရာဘော်တီက ရာဂျ်ပွတ်ကို မူးယစ်ဆေးဝါး၊ ယုတ်စွအဆုံး အောက်လမ်းပညာနဲ့အတူ သူ့ကိုယ်သူ သတ်သေသွားအောင် စေ့ဆော်တွန်းပို့ခဲ့တယ်ဆိုပြီးတော့တောင် မှန်းဆဖော်ပြထားခဲ့ပါတယ်။ 

ဒါ့အပြင် မင်းသား ရာဂျ်ပွတ်ဟာ စိတ်ကျရောဂါဝေဒနာ ခံစားခဲ့ရတယ်ဆိုတဲ့ သတင်းတွေကို ၎င်းရဲ့ မိသားစုက ငြင်းဆိုထားပြီး အသက် ၂၈ နှစ်အရွယ် ချာကရာဘော်တီဟာ ၎င်းရဲ့ ပိုက်ဆံတွေကို ခိုးခဲ့သလို ၎င်းကိုလည်း အမြဲ နှောင့်ယှက်ဒုက္ခပေးခဲ့တယ်လို့ ရာဂျ်ပွတ်ရဲ့ မိသားစုက ပွင့်ပွင့်လင်းလင်း စွပ်စွဲခဲ့ပါတယ်။ 

အမှား တစုံတရာ မလုပ်ခဲ့ဘူးလို့ ဆိုထားတဲ့ မင်းသမီး ချာကရာဘော်တီကတော့ သူမရဲ့ မိသားစုနဲ့အတူ လများနဲ့ချီ မီဒီယာတွေရဲ့ တကောက်ကောက်လိုက်တာကိုခံခဲ့ရပြီးနောက် ရာဂျ်ပွတ်အတွက် ဆေးခြောက် ဝယ်ပေးခဲ့တယ်ဆိုပြီး ယခုလအစောပိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။ ယခုအပတ်မှာတော့ သူမရဲ့ အာမခံ ငြင်းဆန်ခံခဲ့ရပါတယ်။ 

အဆိုပါ ဖြစ်စဉ်ဟာ ယခုအခါမှာတော့ ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ ဘောလိဝုဒ်လုပ်ငန်းတွင်း မူးယစ်ဆေး သုံးမှုအပေါ် အာဏာပိုင်တွေရဲ့ စစ်ဆေးစုံစမ်းမှုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။ 

အသက် ၃၄ နှစ်အရွယ် ဘောလိဝုဒ် မင်းသမီး ပါဒူကွန် ကတော့ ယခုအပတ်အစောပိုင်းမှာ အခြားမင်းသမီးတွေဖြစ်တဲ့ ဆာရာ အလီ ခန်၊ ရှာရက်ဒ်ဟာကာပူး နဲ့ ရာကူလ် ပရိ ဆင်းန် တို့နဲ့အတူ စုံစမ်းစစ်ဆေးမှုကိုခံယူဖို့အတွက် မွမ်ဘိုင်းရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဗျူရို (NCB)  ရဲ့ ဆင့်ခေါ်တာကို ခံခဲ့ရပါတယ်။ 

ဆင်းန် ရဲ့ ပြောဆိုချက်ကို စက်တင်ဘာ ၂၅ ရက်မှာ မှတ်တမ်းတင်ခဲ့ပြီး ကာပူး နဲ့ ခန် တို့ဟာလည်း စက်တင်ဘာ ၂၆ ရက်မှာ NCB ရှေ့မှောက် စစ်ဆေးမှုခံယူဖို့ ရောက်ရှိခဲ့မယ်လို့ မျှော်လင့်ရပါတယ်။ 

ဆေးခြောက် ဝယ်ဖို့ကိစ္စနဲ့ပတ်သက်လို့ ပြောဆိုထားခဲ့တဲ့ WhatsApp စကားပြောဆိုမှုအပိုင်းတစ်ခုကို TimesNow တီဗီချန်နယ်က ယခုအပတ်အစောပိုင်းမှာ ထုတ်လွှင့်ခဲ့ပြီး ဒီထဲမှာ ပြောဆိုနေခဲ့သူနှစ်ဦးဟာ ပါဒူကွန်နဲ့ သူမရဲ့ မန်နေဂျာတို့ဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။ 

တချိန်တည်းမှာလည်းပဲ ရာဂျ်ပွတ် ကွယ်လွန်ပြီးနောက် ဆိုရှယ်မီဒီယာ သုံးသူတွေနဲ့ တီဗီချန်နယ်တွေရဲ့ ပစ်မှတ်ထားတာကို ခံခဲ့ရသူတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ကာရန် ဂျိုဟာကလည်း မနှစ်က သူ့အိမ်မှာ လက်ခံကျင်းပခဲ့တဲ့ ပါတီပွဲတစ်ခုမှာ မူးယစ်ဆေး သုံးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေကို စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြီး ပယ်ချသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required