နိုင်ဂျီးရီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ယာဉ်တန်းကို ဂျီဟတ်ဒစ်တွေ ခြုံခိုတိုက်ခိုက်လို့ လူ ၃၀ ဦး သေဆုံး 

By AFP
27 September 2020
နိုင်ဂျီးရီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ယာဉ်တန်းကို ဂျီဟတ်ဒစ်တွေ ခြုံခိုတိုက်ခိုက်လို့ လူ ၃၀ ဦး သေဆုံး 
Photo - AFP

စက်တင်ဘာ ၂၇ 

နိုင်ဂျီးရီးယားနိုင်ငံရဲ့ မငြိမ်မသက်မှုတွေ ဖြစ်နေတဲ့ အရှေ့မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က ပြည်နယ် အုပ်ချုပ်ရေးမှူးတစ်ဦးရဲ့ ယာဉ်တန်းကို အိုင်အက်စ် အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်တဲ့ ဂျီဟက်ဒစ် တိုက်ခိုက်ရေးသမားတွေက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် အယောက် ၃၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ဘော်နို ပြည်နယ် အုပ်ချုပ်ရေးမှူး ဘာဘာဂါနာ အူမာရာ ဇူလမ် လိုက်ပါလာတဲ့ မော်တော်ယာဉ်တန်းဟာ ချက်ဒ်ကန် (Lake Chad) ကမ်းစပ်ရှိ ဘာဂါမြို့အနားမှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ရဲ ရှစ်ဦး၊ စစ်သား သုံးဦးနဲ့ အစိုးရ ကျောထောက်နောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင် လေးဦးတို့ သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်သုံးဦးက အေအက်ဖ်ပီကို ပြောပါတယ်။ 

နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချက်ဒ် နဲ့ ကင်မရွန်းတို့မှ စစ်ဘက် တပ်ဖွဲ့ဝင်တွေရဲ့ ပူးပေါင်းအဖွဲ့တစ်ခုဖြစ်တဲ့ နိုင်ငံစုံ ပူးပေါင်း အထူးအဖွဲ့ (MNJTF) ရဲ့ ဌာနချုပ်အနီး ကျေးရွာတစ်ခုကို ယာဉ်တန်း ဖြတ်သန်းစဉ်မှာ သောင်းကျန်းသူတွေက စက်သေနတ်တွေ၊ လောင်ချာနဲ့ပစ်ရတဲ့ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ အထိအခိုက်မရှိဘဲ ဘေးကင်းလွတ်မြောက်သွားခဲ့ပါတယ်၊ ဒါပေမယ့် အကြမ်းဖက်သမားတွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးကတော့ သေဆုံးသွားခဲ့ပါတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူး ဇူလမ်ကတော့ ၂၀၁၄ ခုနှစ်က ဂျီဟတ်ဒစ်တွေကြောင့် မြို့ကနေ စွန့်ခွာထွက်ပြေးသွားကြတဲ့ ဒေသခံ ထောင်နဲ့ချီ နေရပ်ပြန်လာရေး ပြင်ဆင်ဖို့အတွက် ဘာဂါမြို့ကို စစ်ဆေးအကဲဖြတ်မယ့် ခရီးစဉ်တစ်ခု ထွက်လာခဲ့တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အုပ်ချုပ်ရေးမှူးဟာ ကီလိုမီတာ ၆၀ (မိုင် ၄၀) အဝေးမှာ ရှိတဲ့ ခံမြို့တစ်မြို့ဖြစ်တဲ့ မွန်ဂူနိုကို ရဟတ်ယာဉ်နဲ့ လာရောက်ခဲ့ပြီး ယင်းနောက် တင်းကျပ်တဲ့ လုံခြုံရေးနဲ့အတူ ယာဉ်တန်းနဲ့ ဘာဂါမြို့ကို ဦးတည်ခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအနက် တစ်ဦးက ပြောပါတယ်။ 

သတင်းရင်းမြစ်သုံးဦးစလုံးကတော့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေ ဖြစ်ခဲ့ပါတယ်။ 

အိုင်အက်စ်နဲ့ ဆက်နွယ်တဲ့ အစ္စလမ္မစ်နိုင်ငံတော် အနောက်အာဖရိက ပြည်နယ် (ISWAP) အဖွဲ့ဟာ ဂျီဟတ်ဒစ်တွေအတွက် ခံတပ်တစ်ခုအဖြစ် သိကြတဲ့ ဒေသနဲ့ ချက်ဒ်ကန်က ကျွန်းတွေမှာ ရှိတဲ့ ယင်းရဲ့ ကမ့်စခန်းအများစုကို ထိန်းသိမ်းထားပါတယ်။ 

စစ်သွေးကြွအဖွဲ့ဟာ မကြာသေးမီကာလအတွင်းမှာ ဒေသမှာ စစ်ဘက်နဲ့ အရပ်ဘက် ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေကို ပိုမို အရှိန်မြှင့် လုပ်ဆောင်ထားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း ဇူလမ်ရဲ့ ယာဉ်တန်းဟာ ဘာဂါမြို့ ပြင်ပမှာ ISWAP ရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခုကို ခံခဲ့ရတဲ့အတွက် ၎င်းဟာ မြို့ကို လာမယ့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
ပြီးခဲ့တဲ့အပတ်မှာတော့ အဆိုပါ စစ်သွေးကြွအုပ်စုဟာ ဒမ်ဘိုအာ မြို့အနီး ခြုံခိုတိုက်ခိုက်မှုတစ်ခုမှာ နိုင်ဂျီးရီးယား စစ်တပ် တပ်မှူးတစ်ဦးနဲ့ စစ်သား သုံးဦးတို့ကို သတ်ခဲ့ပါသေးတယ်။ 

ဂျီဟတ်ဒစ်တွေဟာ နေ့စဉ် စစ်ဆေးရေးဂိတ်တွေ ထားရှိပြီး လုယက်တာ၊ သတ်ဖြတ်တာ၊ ခရီးသည်တွေကို ပြန်ပေးဆွဲတာတွေ လုပ်နေခဲ့တယ်လို့ မွန်ဂူနိုနဲ့ ပြည်နယ် မြို့တော် မိုင်ဒူဂူရီ ကို ဆက်သွယ်ချိတ်ဆက်ထားတဲ့ အမြန်လမ်းမှာ ခေါက်တုန့် ခေါက်ပြန့် သွားလာကြတဲ့ အရပ်သားတွေက ပြောပါတယ်။ 

နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းမှာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်နေတဲ့ သောင်းကျန်းမှုတွေကြောင့် လူပေါင်း ၃၆,၀၀၀ ခန့် သေဆုံးခဲ့သလို လူပေါင်း နှစ်သန်းကျော်ဟာလည်း ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးထားကြရပါတယ်။ နေ့ရပ်စွန့်ခွာထွက်ပြေးခဲ့ကြရသူ အများစုကတော့ ပေရေစုတ်ချာနေတဲ့ ကမ့်စခန်းတွေမှာ နေထိုင်ခဲ့ကြရပြီး ၎င်းတို့ဟာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေဆီက ပေးဝေတဲ့ အစားအသောက်တွေကို မှီခိုနေကြရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly