၂၀၂၃ မလေးရှား ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်မဟုတ်ဟု မဟာသီယာ ပြော 

၂၀၂၃ မလေးရှား ရွေးကောက်ပွဲတွင် ဝင်ပြိုင်မည်မဟုတ်ဟု မဟာသီယာ ပြော 

 စက်တင်ဘာ ၂၇

မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမတ်က လာမည့် အထွေထွေရွေးကောက်ပွဲကို စီစဉ်ထားသည့်အတိုင်း ကျင်းပဖြစ်လျှင် ထိုအချိန်ထိုအခါ၌ သူအသက်မှာ ၉၈ နှစ် ရှိနေမည်ဖြစ်၍ ဝင်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း စက်တင်ဘာ ၂၆ ရက်တွင် ပြောသည်။ 

ယင်းအစား ၎င်း၏ Pejuang ပါတီဝင်များအား အကြံဉာဏ်များ ပေးကာ ၎င်း၏ အတွေ့အကြုံများကို မျှဝေသွားမည်ဟု မဟာသီယာက ဆိုသည်။ 

မလေးရှားနိုင်ငံ၏ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် လျာထားခြင်း ဖြစ်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် ဆွေးနွေးပြောဆိုမှုများ ရှိနေသည်။ 

မဟာသီယာက ၎င်း၏ ပါတီသည် ၁၅ ကြိမ်မြောက် လာမည့် ရွေးကောက်ပွဲတင် အမတ်နေရာ ၃၀ နီးပါး အနိုင်ရပြီး အစိုးရသစ်ဖွဲ့စည်းရေးတွင် ပင်မပါတီဖြစ်လာရန် ရည်မှန်းထားကြောင်း ယခုလအစောပိုင်း၌ ပြောထားသည်။ 

ဒေါက်တာ မဟာသီယာက အာဏာရ Perikatan Nasional (PN) ညွန့်ပေါင်းပါတီတွင်ရော၊ အတိုက်အခံ Pakatan Harapan (PH) ညွန့်ပေါင်းပါတီတွင် ပါဝင်လိမ့်မည်မဟုတ်ကြောင်း ကြေညာခဲ့ခြင်းနှင့်အတူ Pejuang ပါတီကို မကြာမီကမှ ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

PH ညွန့်ပေါင်းပါတီ အစိုးရ၏ ဝန်ကြီးချုပ်ဟောင်းဖြစ်သူ မဟာသီယာသည် ၎င်း တည်ထောင်သည့် Parti Pribumi Bersatu Malaysia (Bersatu) ပါတီမှ ဥက္ကဋ္ဌဖြစ်သူ မူယစ်ဒင်ယက်ဆင် ဦးဆောင်သော PN ညွန့်ပေါင်းပါတီ အစိုးရအား ထောက်ခံရန် ငြင်းဆန်ခဲ့ပြီးနောက် အဆိုပါ Bersatu ပါတီမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။ 

လက်ရှိ COVID-19 ကပ်ဘေးကြောင့် ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုမှုများသည် ဘေးအန္တရာယ်များ ရှိနေကြောင်း စနေနေ့၌ သတင်းထောက်များအား မဟာသီယာက ပြောသည်။ 

“ပုံမှန်အခြေအနေအောက်မှာဆိုရင်တော့ အစိုးရကို ပြည်သူတွေက ရွေးချယ်ခွင့်အာဏာ ပေးထားတဲ့ အထွေထွေရွေးကောက်ပွဲကို ဖျက်သိမ်းလို့ ရပါတယ်။”ဟု မဟာသီယာက ဆိုသည်။ 

“ဒါပေမယ့် လက်ရှိအချိန်မှာ နိုင်ငံဟာ COVID-19 ပြဿနာနဲ့ ရင်ဆိုင်နေရတယ်။ ဒီ ပြဿနာဟာ ရွေးကောက်ပွဲ ကျင်းပရေး ကုန်ကျစရိတ် ကြီးလေးစေပြီး ပြည်သူတွေ ရောဂါကူးစက်မှုတွေ ဖြစ်စေနိုင်တယ်။”ဟု မကြာသေးသော နိုင်ငံရေးဖြစ်စဉ်များအရ ပါလီမန်အား ဖျက်သိမ်းရန် လိုအပ်သလားဆိုသည့် မေးခွန်းကို ၎င်းက ဖြေကြားသည်။ 

“တကယ်ပဲ ရွေးကောက်ပွဲ ကျင်းပဖြစ်တယ်ဆိုရင် လူတော်တော်များများ COVID-19 ဖြစ်ပွားမယ်၊ တော်တော်များများ သေဆုံးလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ တကယ် မေးခွန်းက ကျွန််တော်တို့အနေနဲ့ နိုင်ငံရေးနဲ့ ပြည်သူတွေရဲ့ အသက် ဘာကို ဦးစားပေးမလဲ ဆိုတာပဲ။”ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟမ်က အစိုးရသစ်ဖွဲ့စည်းရန် လွှတ်တော်အမတ်များ၏ အင်အားကောင်းကောင်း ထောက်ခံမှုကို ၎င်းက ရရှိထားသည်ဟု ယခု သီတင်းပတ်အစောပိုင်းက ကြေညာခဲ့သည်။ 

အတိုက်အခံ Parti Keadilan Rakyat (PKR) ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ အန်ဝါကို ထောက်ခံသည်ဆိုသော လွှတ်တော်အမတ် အင်အားကို တကယ် မသိရဟု မူယစ်ဒင်က ပြောဆိုကာ အန်ဝါ၏ ကြေညာချက်အပေါ် သံသယရှိကြောင်း ထုတ်ဖော်ပြသခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly