သူရသတ္တိဘွဲ့ရ မိုင်းရှင်းလင်းရေး ကြွက် မာဂါဝါ

By AFP
27 September 2020
သူရသတ္တိဘွဲ့ရ မိုင်းရှင်းလင်းရေး ကြွက် မာဂါဝါ
Photo - AFP

 စက်တင်ဘာ ၂၇

သူရဲကောင်းတွေဟာ အလွှာအသီးသီးကနေ ပုံစံအမျိုးမျိုးနဲ့ ထွက်ပေါ်လာတတ်စမြဲပါ။ ဒါပေမယ့် မာဂါဝါအမည်ရ အသက် ငါးနှစ်ရှိ အာဖရိကကြွက်တစ်ကောင်ကတော့ ကမ္ဘာမှာ ယုံရအခက်ဆုံး အသက်ကယ်ဆယ်ရေးသမားတွေထဲမှာ ပါဝင်လာဖို့ ရှိလာပါပြီ။ 

မာဂါဝါဟာ မြေမြုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို အနံ့ခံရှာဖွေတဲ့ သူ့ရဲ့ အလေ့အကျင့်ကြောင့် ဗြိတိန်နိုင်ငံမှာ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံး အရပ်သားဆုတံဆိပ်နဲ့ ညီမျှတဲ့ သူရသတ္တိဘွဲ့လို့ ဆိုရမယ့် ရဲစွမ်းသတ္တိအပြောင်မြောက်ဆုံး တိရစ္ဆာန်ဆုတံဆိပ်ကို ချီးမြှင့်ခံရတာပဲ ဖြစ်ပါတယ်။  

ကမ္ဘောဒီးယားနိုင်ငံမှာ လူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ချမ်းသာရာ ရစေခဲ့တဲ့ မာဂါဝါရဲ့သူရသတ္တိနဲ့ တာဝန် ကျေပွန်တဲ့ စွမ်းဆောင်ရည်တို့ကြောင့် ဗြိတိန်တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအသင်း PDSA က ဂုဏ်ပြု ရွှေတံဆိပ်ကို သောကြာနေ့မှာ ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ 

ဘယ်ဂျီယံက တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအသင်း APOPO ကနေ လေ့ကျင့်သင်ကြားပေးခဲ့တဲ မာဂါဝါဟာ မြေမြုပ်မိုင်း ၃၉ လုံးနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ခဲယမ်း ၂၈ ခုကို အနံ့ခံရှာဖွေပေးခဲ့တာကြောင့် အသင်းရဲ့ စွမ်းဆောင်ရည် အပြောင်မြောက်ဆုံး ‘သူရဲကောင်းကြွက်’ ဖြစ်လာခဲ့တာပါ။ 

“ကြွက်သူရဲကောင်း မာဂါဝီရဲ့ စွမ်းဆောင်ချက်နဲ့ APOPO အသင်းတို့ဟာ အမှန်ကို ပြိုင်ဖက်ကင်းထူးချွန်ပြောင်မြောက်လှပါတယ်။”လို့ PDSA ညွှန်ကြားရေးမှူးချုပ် ဂျင်မတ်လောက်လင်းက ပြောပါတယ်။ 

“ဒီ မြေမြုပ်မိုင်းတွေရဲ့ ဘေးအန္တရာယ်ကြားမှာ ရှိနေတဲ့ ကျား၊ မ၊ ကလေးသူငယ်တွေကို ကြွက်သူရဲကောင်း မာဂါဝါက အတိအကျကို ကယ်တင်ပြောင်းလဲပေးခဲ့တာပဲ ဖြစ်တယ်။”လို့ သူက ပြောပါတယ်။ 

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၅ ကနေ ၁၉၉၈ ခုနှစ်ကြား မြေမြုပ်မိုင်း သန်းပေါင်းများစွာ မြုပ်နှံထောင်ထားခဲ့တာဖြစ်ပြီး ဒီ မြေမြုပ်မိုင်းတွေကြောင့် လူထောင်ပေါင်းများစွာ သေဆုံးဒဏ်ရာရမှုတွေ ဖြစ်ပွားနေရတာပါ။ 

ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်းမြို့တစ်မြို့ဖြစ်တဲ့ ဆီယမ်ရိမြို့က ကြွက်သူရဲကောင်း မာဂါဝါဟာ PDSA အသင်းရဲ့ ဆုတံဆိပ်တွေ စတင်ချီးမြှင့်ချိန်ကစလို့ ၇၇ နှစ်တာ ကာလအတွင်းမှာ ပထမဆုံး ဆုချီးမြှင့်ခံရတဲ့ ကြွက်တစ်ကောင်ပဲ ဖြစ်ပါတယ်။ PDSA အနေနဲ့ ခွေးနဲ့ ကြောင်တွေအပြင် သင်းခွေချပ်တစ်ကောင်ကိုပါ ၎င်းရဲ့ သူရသတ္တိဘွဲ့တံဆိပ်ကို ချီးမြှင့်ထားတာ ဖြစ်ပြီး ခုဆိုရင် PDSA ရဲ့ သူရသတ္တိဘွဲ့ရ တိရစ္ဆာန်တွေမှာ မာဂါဝါပါ ပါဝင်လာပြီ ဖြစ်ပါတယ်။ 

PDSA အဲဒီ ရွှေတံဆိပ်ဆုဟာ ဗြိတိန်မှာ အရပ်သားရဲစွမ်းသတ္တိရှိသူတွေကို ချီးမြှင့်တဲ့ George Cross ဆုတံဆိပ်နဲ့ တန်းတူညီတဲ့ တိရစ္ဆာန်တွေအတွက် ပေးတဲ့ ဆုတံဆိပ်ပဲ ဖြစ်ပါတယ်။ PDSA အနေနဲ့ စစ်သုံးတိရစ္ဆာန်တွေအတွက်တော့ Dickin Medal ဆုတံဆိပ်ကို ပေးအပ်ချီးမြှင့်တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly