ယူကရိန်း စစ်ဘက်လေယာဉ် ပျက်ကျလို့ ဗိုလ်လောင်းတွေအပါအဝင် ၂၂ ဦး သေဆုံး 

By AFP
27 September 2020
ယူကရိန်း စစ်ဘက်လေယာဉ် ပျက်ကျလို့ ဗိုလ်လောင်းတွေအပါအဝင် ၂၂ ဦး သေဆုံး 
Photo - AFP

စက်တင်ဘာ ၂၇ 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ခါကစ်ဗ်မြို့အနီးမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်က လေတပ် စစ်လေယာဉ်တစ်စင်း ပျက်ကျခဲ့တဲ့အတွက် စစ်တပ် ဗိုလ်လောင်းတွေအပါအဝင် အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့ပြီး အခြား လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။ 

စစ်လေယာဉ် ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက်ကို ပြည်ထဲရေးဒုဝန်ကြီး အန်တွန် ဂျာရက်ရှ်ချန်ကိုက အေအက်ဖ်ပီကို အတည်ပြုသွားခဲ့သလို ဒီဖြစ်စဉ်ဟာ “ထိတ်လန့် တုန်လှုပ်စရာ ကောင်းတဲ့ဖြစ်ရပ်” တစ်ခုဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ၎င်းက ပြောပါတယ်။ 

တာဝန်ရှိသူတွေ ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဗီဒီယိုတစ်ခုထဲမှာတော့ Antonov-26 သယ်ယူပို့ဆောင်ရေး လေယာဉ်ရဲ့ တငွေ့ငွေ့လောင်ကျွမ်းနေတဲ့ အပျက်အစီးတွေကို ပြသခဲ့ပါတယ်။ 

“သေဆုံးသူ အများစုက လို့ ခါကစ်ဗ် အမျိုးသား လေတပ်တက္ကသိုလ်က ကျောင်းသားတွေ ဖြစ်ပါတယ်” လို့ ယူကရိန်း လေတပ်က ထုတ်ပြန်ချက်တစ်စောင် ထုတ်ခဲ့ပါတယ်။ 

ပျက်ကျသွားခဲ့တဲ့ လေယာဉ်ပေါ်မှာ လူ ၂၇ ဦး လိုက်ပါသွားတာဖြစ်ကြောင်း၊ ဗိုလ်လောင်း ၂၀ ဦးနဲ့ လေယာဉ်အမှုထမ်း ခုနစ်ဦးတို့ ဖြစ်ကြောင်း ယင်းက ဖြည့်စွက်ပြောထားပါတယ်။ 

၂၂ ဦးကိုတော့ သေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုထားပြီးဖြစ်ကာ နှစ်ဦး ဒဏ်ရာရခဲ့ပြီး အခြားသုံးဦးကိုတော့ ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ 

ဒဏ်ရာရထားသူတွေဟာ “စိုးရိမ်ရတဲ့” အခြေအနေမှာ ရှိနေတယ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး အိုလက်ခ်စီ ကူချာက ဖေ့ဘွတ်ခ်မှာ ရေးထားပါတယ်။ 

ဒီ လေယာဉ်ပျက်ကျမှုဖြစ်စဉ်ဟာ “ဆိုးဝါးလှတဲ့ ဖြစ်ရပ်ဆိုး” တစ်ခုဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမိုင် ဇီလန်စကီးက ပြောခဲ့ပြီး ၎င်းဟာ စက်တင်ဘာ ၂၆ ရက်မှာ ခါကစ်ဗ်ဒေသကို ကိုယ်တိုင်သွားရောက်မယ်လို့ ပြောခဲ့ပါတယ်။ 

“ဒီအဖြစ်ဆိုး ဖြစ်ခဲ့တဲ့အကြောင်းရင်းတွေနဲ့ ဒါနဲ့ပတ်သက်တဲ့ အခြေအနေတွေ အားလုံးကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တစ်ရပ် ကျွန်တော်တို့ အဆောတလျင် ဖွဲ့စည်းလုပ်ဆောင်နေပါပြီ” လို့ ၎င်းက ဖေ့ဘွတ်ခ်မှာ ရေးခဲ့ပါတယ်။ 

လေယာဉ်ကတော့ ချူဟွေဗ် စစ်ဘက် လေတပ်စခန်းကနေ နှစ် ကီလိုမီတာ (၁ ဒသမ ၂ မိုင်) အကွာ နေရာမှာ ဒေသစံတော်ချိန် ည ၈ နာရီ ၅၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၁၇ နာရီ ၅၀ မိနစ်) ခန့်မှာ ပျက်ကျခဲ့တာ ဖြစ်တယ်လို့ အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောပါတယ်။ 

အရေးပေါ်ကယ်ဆယ်ရေးဌာနက ထုတ်ဖော်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အမာစား ခေါင်းဆောင်းတွေ ဆောင်းထားပြီး ရောင်ပြန်ဝတ်စုံတွေနဲ့ မီးသတ်သမားတွေဟာ ပျက်ကျလေယာဉ် အပျက်အစီးတွေကို ရေတွေနဲ့ ဖျန်းနေတာကို တွေ့ခဲ့ရပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly