ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးဦးရေ ၁ သန်းနားကပ်လာချိန် ဝူဟန်၌ အသွားအလာ စည်ကားနေ

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးဦးရေ ၁ သန်းနားကပ်လာချိန် ဝူဟန်၌ အသွားအလာ စည်ကားနေ
Photo - AFP

 စက်တင်ဘာ ၂၇

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူဦးရေမှာ တစ်သန်းနားအထိ မြင့်မားနေချိန်မှာ ပြီးခဲ့တဲ့နှစ်က COVID-19 ပထမဆုံး စတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့က လမ်းတွေမှာတော့ ရုံးတက်ရုံးဆင်း လူစည်ကားချိန်တွေမှာ ပုံမှန်သက်ဝင်လှုပ်ရှားလို့ စည်းကားလျက် ရှိနေပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်၊ ကမ္ဘာ့နောက်ဆုံးအခြေအနေ 

-သေဆုံးသူ ၉၉၃၀၀၀ ကျော်- 

ပြီးခဲ့တဲ့ နှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားပေါ်ပေါက်ချိန်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေဟာ ၉၉၃၄၃၈ ဦး အနည်းဆုံး ရှိနေပြီဖြစ်တယ်လို့ တရားဝင်သတင်းရင်းမြစ်တွေကို အေအက်ဖ်ပီက စနေနေ့ ဂရင်းနစ်စံတော်ချိန် ၁၁ နာရီမှာ နောက်ဆုံးစစ်တမ်းကောက်ယူထားချက်အရ သိရပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ တရားဝင်နှုန်းထားဟာလည်း ၃၂ ဒသမ ၆ သန်းကျော်အထိ ရှိနေပါတယ်။ အမေရိကန်နိုင်ငံဟာ အဆိုးဝါးဆုံး ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်ပြီး သေဆုံးသူ ၂၀၃၇၈၂ ဦး ရှိထားပါတယ်။ ဒီနောက်မှာ ဘရာဇီးက သေဆုံးသူ ၁၄၀၅၃၇ ဦး၊ အိန္ဒိယက ၉၃၃၇၉ ဦး၊ မက္ကဆီကိုက ၇၅၈၄၄ ဦးနဲ့ ဗြိတိန်နိုင်ငံက ၄၁၉၃၆ ဦး အသီးသီး သေဆုံးနှုန်း ရှိနေပါတယ်။ 

သေဆုံးသူ နှစ်သန်း ရှိမည်လား

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တစ်သန်း ရှိလိမ့်မယ်လို့ စိုးရိမ်ပူပန်မှုတွေ လွှမ်းခြုံနေချိန်မှာပဲ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဒီ ကပ်ဘေးကို အတူတကွ ရင်ဆိုင်မဖြေရှင်းကြဘူးဆိုရင် နောက်ထပ် လူတစ်သန်း သေဆုံးမယ့် အလားအလာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလာပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးမပေါ်ခင် ကပ်ဘေးအတွင်းမှာ လူနှစ်သန်း အသက်ဆုံးရှုံးရနိုင်ဆိုတာဟာ မတွေးဝံ့စရာ ဖြစ်နေမလားဆိုပြီး အွန်လိုင်းသတင်းစာ ရှင်းလင်းပွဲမှာ အေအက်ဖ်ပီက မေးမြန်းခဲ့ပါတယ်။ ဒီ မေးခွန်းနဲ့ ပတ်သက်လို့ WHO အရေးပေါ်ဌာန ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က “လုပ်နိုင်တာတွေအားလုံး ကျွန်တော်တို့ မလုပ်ဆောင်ကြဘူးဆိုရင်တော့ ခင်ဗျားပြောတဲ့ လူနှစ်သန်း သေဆုံးနိုင်မလားဆိုတဲ့ အရေအတွက်ဟာ ဖြစ်နိုင်ရုံမကဘူး စိတ်မကောင်း ဝမ်းနည်းစရာကို ဖြစ်လိမ့်မယ်။ ဖြစ်နိုင်ခြေ အတော်ကို များပါတယ်။”လို့ ပြန်လည်ဖြေကြားပါတယ်။ 

ကာကွယ်ဆေး ခွဲဝေမှု

COVID-19 ကာကွယ်ဆေးနဲ့ ပတ်သက်လို့လည်း ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က ကာကွယ်ဆေး ထုတ်လုပ်နိုင်တဲ့ ဘယ်နိုင်ငံကမဆို ဆေးကို အားလုံးကို ခွဲဝေပေးဖို့ အလေးအနက်ထား ပြောပြီး သမိုင်းရဲ့ မှတ်ကျောက်တင်ခံရမှာ ဖြစ်တယ်လို့ သတိပေးပါတယ်။ 

“ဒါဟာ တစ်ကမ္ဘာလုံးဆိုင်ရာ တာဝန်ခံမှုပါ။ ကာကွယ်ဆေးကို အများအပြား ခွဲဝေပေးဖို့ဆိုတာဟာ လူသားကျင့်ဝတ်ရဲ့ တာဝန်ခံမှုလည်း ဖြစ်ပါတယ်။”လို့ ကုလသမဂ္ဂမှာ သူက ပြောခဲ့ပါတယ်။ 

မြန်မာမှာ ကူးစက်မှုနှုန်း မြင့်တက်

မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရန်ကုန်မြို့မှာ ပထမဆုံး သိသိသာသာ ကူးစက်ပျံ့နှံ့မှု မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့အတွက် လုံးပမ်းနေရပြီး တင်းကြပ်တဲ့ လော့ဒေါင်း ပြန်လည်ချမှတ်သလို ကွာရန်တင်းစင်တာသစ်တွေကိုလည်း အားချင်းတည်ဆောက်ခဲ့ရပါတယ်။ 

ကပ်ဘေးအတွင်း မကြာသေးခင်ကအထိ ကူးစက်ဖြစ်ပွားမှုနှုန်း နိမ့်ပါးနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ကူးစက်မှုနှုန်းထားဟာ ရန်ကုန်ရဲ့ အမြောက်အမြား ကူးစက်ဖြစ်ပွားမှုနဲ့အတူ လာမယ့် ရက်ပိုင်းအတွင်းမှာပဲ တစ်သောင်းကျော်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။  

မာန်တင်းထားဆဲ အိုလံပစ်ပွဲ

ကပ်ဘေးဖြစ်နေပေမယ့် ရွှေ့ဆိုင်းထားရတဲ့ အိုလံပစ်အားကစားပြိုင်ပွဲကို ၂၀၂၁ မှာ အိမ်ရှင်အဖြစ် ကျင်းပဖို့ ဂျပန်နိုင်ငံက စိတ်ပိုင်းဖြတ်ထားတယ်လို့ ရွေးကောက်ခံဝန်ကြီးချုပ်သစ်က ကုလသမဂ္ဂအထွေထွေညီလာခံသို့ ပြောပါတယ်။ 

“ကပ်ဘေးကို လူသားတွေက တွန်းလှန်ကြတဲ့ သက်သေအဖြစ်နဲ့ လာမယ့်နှစ် နွေရာသီမှာ တိုကျိုအိုလံပစ်နဲ့ နိုင်ငံတကာမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပသွားဖို့ ဂျပန်နိုင်ငံက သံန္ဒိဌာန်ချထားပါတယ်။”လို့ ဝန်ကြီးချုပ် ယိုရှီဟီဒီဆူဂါက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly