လာမည့်အပတ်မှစတင်ကာ “ကိုဗစ်အကြောင်း သိကောင်းစရာ” ဟူ၍ အမေးအဖြေကဏ္ဍပြုလုပ်မည် 

လာမည့်အပတ်မှစတင်ကာ “ကိုဗစ်အကြောင်း သိကောင်းစရာ” ဟူ၍ အမေးအဖြေကဏ္ဍပြုလုပ်မည် 

စက်တင်ဘာ ၂၆ရက်

လာမည့် အပတ်မှ စတင်ကာ “ကိုဗစ်အကြောင်း သိကောင်းစရာ” ဟူ၍ အမေးအဖြေကဏ္ဍပြုလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ 

ထိုကဏ္ဍအား တစ်ပတ်လျှင် သုံးကြိမ်  အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် ပြုလုပ်မည်ဖြစ်ပြီး သမားတော်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 

“အဲ့ဒီမှာဆိုရင် ကိုယ်သိချင်တာတွေ မေးလို့ရပါတယ်။ သိချင်တဲ့မေးခွန်းတွေကို ကိုယ်မေးချင်တဲ့မေးခွန်းတွေကို ကျန်းမာရေးဝန်ကြီးဌာန facebook ကို ပို့ပါ။ ပို့ပြီးတော့ အဲ့ဒီကနေ စိစစ်ပြီးတော့ တချို့မေးခွန်းများ ထပ်နေမှာပါ။ ကိစ္စတခုတည်းကို လူ ၁၀ယောက်က သိချင်တယ်ဆိုရင် အဖြေတစ်ခုတည်းနဲ့ပြီးတာပေါ့။ စိစစ်ပြီးတော့ ဒီအဖွဲ့ကနေပြီး ဖြေပေးပါ့မယ်။ ဒီလိုဖြေပေးတဲ့အခါမှာလည်း တိတိကျကျပေါ့နော်။ ကိုယ်ကဒီအခြေအနေကို သိရအောင်လို့ ဥပမာအားဖြင့်ဆိုရင် ဒါစားလိုက်လို့ရှိရင် သက်သာတယ်ဆိုတာ ဟုတ်ပါသလား စသဖြင့် အဖြေရပါလိမ့်မယ်။ ဒီလို ဒီလို လုပ်လို့မရပါဘူး။ နောက်ပြီးတော့လည်း ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်။ တကယ်တော့လည်း စည်းမျဉ်းစည်းကမ်းတွေက ထုတ်ပြန်ထားပြီးသားပါ။ သို့သော်လည်း ပိုပြီးတော့ လေးနက်အောင်လို့ ပြောပြစေချင်တယ်ဆိုလို့ရှိရင် ဒီသမားတော်ကြီးများဟာ ပြောပြပါမယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ 

ရောဂါရှိသည့် ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရန်နှင့် ရောဂါမရှိသေးသည့် ပြည်သူများအနေဖြင့်လည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ရန်အတွက် ထိုအစီအစဉ်အား ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ 

“စိုးရိမ်မှုကျဆင်းအောင် လုပ်ပေးချင်တယ်ဆိုတာက ကျွန်မတို့ပြည်သူတွေ တည်တည်ငြိမ်ငြိမ်နဲ့ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ဖို့လိုပါတယ်။ နောက်ပြီးတော့လည်း ရောဂါရသွားပြီဆိုတဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေဟာ စိတ်တည်ငြိမ်မှုရှိမှ ပိုပြီးတော့ သက်သာဖို့ရာ အလားအလာကောင်းပါတယ်။ ဒါအားလုံးသိပြီးသားပဲ။ ဘယ်လိုရောဂါပဲဖြစ်ဖြစ် စိတ်တည်ငြိမ်မှုရှိလို့ရှိရင် ပိုပြီးတော့ ကျော်လွှားရတာလွယ်ပါတယ်။ သိပ်စိတ်လှုပ်ရှားနေတယ် စိတ်ပူပင်သောကတွေများနေတယ်ဆိုရင် ရောဂါသက်သာမယ့်အစား ပိုပြီးတော့ ဆိုးဝါးလာပါမယ်။ အဲ့ဒါကြောင့်မို့ ကျွန်မတို့ကနေပြီးတော့ နည်းအမျိုးမျိုး စဉ်းစားတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ 

ထို့အပြင် ပြည်သူများအနေဖြင့် ရောဂါဖြစ်သည်ဟု သံသယရှိပါက မိမိနေအိမ်၌ နေပြီး ဆေးမြီးတိုဖြင့် မကုသရန်နှင့် ခရိုင်၊ မြို့နယ် ဆေးရုံများသို့ သွားပြကြရန် ၎င်းက ဆိုသည်။ 

ယခင်က မြန်မာနိုင်ငံတွင် COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၁ ဒဿမ ၄ရာခိုင်နှုန်းရှိပြီး ယခုတွင် ၁ ဒဿမ ၆ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။ 

ထိုသေဆုံးမှုနှုန်းမှာ အများကြီးမြင့်တက်လာခြင်းမဟုတ်ကြောင်းနှင့် စမ်းသပ်သူများ၊ ရောဂါကူးစက်သူများ မြင့်တက်နေသည့်အတွက် အံ့သြစရာမဟုတ်ကြောင်း ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၅ ရက် ညပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၉၁၁၂ ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၅၁၇ ဦးနှင့် သေဆုံးသူ ၁၇၄ ဦး ရှိကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly