'ကျွန်တော့်အတွက် ဒါထပ်ပို အံ့သြစရာမရှိတော့ပါဘူး' ဆိုပြီး ဆွာရက်ဇ်ထွက်သွားရတဲ့အပေါ် မက်ဆီ ပေါက်ကွဲ

'ကျွန်တော့်အတွက် ဒါထပ်ပို အံ့သြစရာမရှိတော့ပါဘူး' ဆိုပြီး ဆွာရက်ဇ်ထွက်သွားရတဲ့အပေါ် မက်ဆီ ပေါက်ကွဲ
Photos: EPA & AFP

ဘာစီလိုနာအသင်းကနေ ဆွာရက်ဇ်ကို ထွက်ခွာစေတာဟာ အသင်းရဲ့ ပြဿနာတွေထဲ နောက်တစ်ခုပဲလို့ မက်ဆီက သောကြာနေ့မှာ ပြောလိုက်ပြီး ‘အမှန်ပြောရရင် ကျွန်တော့်အတွက် ဒါထပ်ပို အံ့သြစရာမရှိတော့ပါဘူး" လို့ ဆိုလိုက်ပါတယ်။

ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို တွန်းထုတ်လိုက်လို့ ဆွာရက်ဇ်က မျက်ရည်ကျနှုတ်ဆက်စကားဆိုပြီးနောက်တစ်ရက်မှာ မက်ဆီက သူ့ရဲ့ စိတ်ပျက် ဝမ်းနည်းတာကို ဖော်ပြလိုက်တာဖြစ်ပါတယ်။

“အသင်းရဲ့ သမိုင်းမှာ အရေးပါဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ မင်းဟာ ကန်ထုတ်ခံလိုက်ရတာပဲ။ ဒီလိုထုတ်တာမျိုး မလုပ်သင့်ပါဘူး”ဆိုပြီး မက်ဆီက ရေးသားပါတယ်။ 

မက်ဆီရဲ့ ပို့စ်ကို ဆွာရက်ဇ်က တုံ့ပြန်ရာမှာ မက်ဆီကို ဂုဏ်ပြုချီးကျူးရင်း ဘာစီလိုနာအသင်းရဲ့ စီမံခန့်ခွဲမှုကိုလည်း မထိတထိ ဝေဖန်လိုက်ပုံ ရပါတယ်။

“မင်းက လူတော်ပါ၊ ကလပ်အတွက်ကော ဘောလုံးကမ္ဘာအတွက် ပါရမီ ထူးကဲသူဆိုတော့ အရေးမပါတဲ့ လူအနည်းစုအတွက် အာရုံထားမနေပါနဲ့”လို့ ဆွာရက်ဇ်က တုံ့ပြန် ရေးသားပါတယ်။

ပီအက်ဂျီ အသင်းကို မထွက်ခွာခင် ၂၀၁၄ မှ ၂၀၁၇ အထိ အကောင်းဆုံး တိုက်စစ်မှူး သုံးဦးအဖြစ် မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့အတူ ရပ်တည်ခဲ့တဲ့ နေမာကလည်း “သူတို့ လုပ်ရပ်ဟာ မယုံနိုင်လောက်အောင်ပဲ။”လို့ တိုတိုပြတ်ပြတ် ဝေဖန်ပြောဆိုပါတယ်။

ဩဂုတ်လက ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်ကို ရှစ်ဂိုး၊ နှစ်ဂိုးနဲ့ မရှုမလှ ရှုံးခဲ့ရပြီးနောက်မှာ မက်ဆီနဲ့ အသင်းဥက္ကဌ ဘာတူမိုတို့ဟာ တစောင်းနဲ့ မျက်ချေးဆိုသလို ဖြစ်နေခဲ့တာပါ။  

မက်ဆီဟာ သူ့စာချုပ်သက်တမ်းကုန်တဲ့အထိနေမယ်ဆိုတာကို လက်မခံခဲ့သေးခင်အထိ အသင်းကနေ ထွက်ဖို့ ကြိုးစားနေခဲ့ပါတယ်။  ခုဆိုရင် မက်ဆီရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တဲ့ ဆွာရက်ဇ်နဲ့ ဗီဒယ်တို့ကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားကြပါပြီ ။

မိုနာကိုကလပ်မှာကစားနေတဲ့ ဖာဘရီဂတ်ကကလည်း ဘာစီလိုနာရဲ့ ကစားသမားအချို့အပေါ် ဆက်ဆံပုံတွေကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

“ဘာစီလိုနာအတွက် ဘဝကို ပုံအောထားကြတဲ့ ကစားသမားတွေအကြောင်းကို ကျွန်တော်တို့ ပြောနေတာပါ။ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဘောလုံးဆိုတာဟာ ကစားကွင်းထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ကစားပွဲနောက်ကွယ်မှာ ဖြစ်ပျက်နေတာတွေ အများကြီး။”လို့ သူက ပြောပါတယ်။  

“ကလပ်ကတော့ ခက်ခဲတဲ့ အချိန်တွေကို တွေ့ရတော့မယ်။”လို့ မကြာခင်မှာ အသင်းဥက္ကဌ ဘာတူမို ပြန်လည်ရွေးချယ်ခန့်အပ်ခံရရေးအတွက် ကြိုးပမ်းရဖို့ ရှိနေတာကို ထောက်ပြပြီး ဖာဘရီဂတ်က ပြောပါတယ်။ “အပြောင်းအလဲတွေ အများကြီး ရှိလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းဟာ ပိုပြီး ကောင်းမွန်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”လို့ သူက ပြောပါတယ်။
 
အသက် ၃၃ နှစ်ရှိ ဥရုဂွေးသား ဆွာရက်ဇ်ဟာ မက်ဒရစ်မှာ သောကြာနေ့က ကျန်းမာရေး စစ်ဆေးခံခဲ့ပြီး နှစ်နှစ်စာချုပ်နဲ့ အက်သလက်တီကိုအသင်းဆီ ရောက်လာခဲ့ပါပြီ။

“ကျွန်တော် စိတ်ဓာတ်အားမန်သစ်နဲ့ ဆက်လက် ကစားသွားမှာပါ။ ကျွန်တော် ဆက်ပြီး ယှဉ်ပြိင်နိုင်သေးတယ်ဆိုတာကို ပြသွားမယ်။”လို့ ဆွာရက်ဇ်က ပြောခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ သမိုင်းမှာ သွင်းဂိုးပေါင်း ၁၉၈ ဂိုးနဲ့ တတိယအများဆုံး ဂိုးသွင်းထားသူ ဆွာရက်ဇ်က ကြာသပတေးနေ့မှာ အသင်းကို နှုတ်ဆက်ချိန်မှာ ငိုကြွေးခဲ့ပါတယ်။

မက်ဆီကလည်း ဆွာရက်ဇ်နဲ့ ပတ်သက်ပြီး သောကြာနေ့မှာ အောက်မေ့သတိရဖွယ် ပြောဆိုပါတယ်။

“ဒီနေ့ အဝတ်လဲခန်းထဲ ကျွန်တော် ဝင်သွားတော့ ဆိုးဝါးတဲ့ အမှန်တရားနဲ့ ပက်ပင်းကြုံရတော့တယ်။”လို့ မက်ဆီက ရေးပါတယ်။ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ Castelldefels ကမ်းခြေဆင်ခြေဖုံးမြို့မှာ အိမ်နီးချင်းတွေ ဖြစ်ကြပြီး လေ့ကျင့်ကွင်းဆီ အတူ ဆင်းရဖို့ ရှိလာမှာ ဖြစ်ပါတယ်။

“ကစားကွင်းရော၊ ကစားကွင်းအပြင်ဖက်မှာပါ နေ့ရက်တွေကို မင်းနဲ့အတူ ဆက်ပြီး ရှိမနေနိုင်တာက ဘယ်လောက်များ ခက်ခဲလိုက်သလဲ။”လို့ သူတို့နှစ်ယောက်တွဲနဲ့ မိသားစုတွေပါ တစ်ခါတစ်လေ ပါတဲ့ ဓာတ်ပုံ ခုနစ်ပုံနဲ့အတူ တွဲတင်ပြီး မက်ဆီက ရေးသားပါတယ်။ “မင်းကို ငါတို့ အရမ်း သတိရနေတော့မယ်။ အတူရှိခဲ့တဲ့ နှစ်တွေ၊ ဖန်ခွက်ချင်း တေ့ခဲ့တာတွေ၊ နေ့လယ်စာ၊ ညစာ အတူစားခဲ့ကြတာတွေ၊ မင်းကို ဘယ်တော့မှ မေ့လို့ မရမယ့် အကြောင်းအရာတွေက အများကြီးပဲကွာ။”ဆိုပြီး သူက ရေးပါတယ်။

“မင်းကို အရမ်းချစ်တယ်။ အရမ်းပဲ ချစ်တယ်။ မကြာခင် ငါတို့ ပြန်တွေ့ကြမယ်၊ သူငယ်ချင်း။”ဆိုပြီး ဆွာရက်ဇ်က တုံ့ပြန်ရေးသားပါတယ်။

“မင်း ခုလို ရေးလာတာအတွက် ကျေးဇူပါ၊ သူငယ်ချင်း။ ဒါပေမယ့် ဒီထက်မကတာ ရှိပါတယ်။ ငါရယ်၊ ငါ့မိသားစုရယ် မင်းနဲ့ ပထမဆုံး စဆုံမိကြတဲ့ ရက်ကစလို့ မင်း ဆက်ဆံခဲ့တာတွေ ကျေးဇူးတင်မိတယ်။ ကြည်နူးအောက်မေ့ဖွယ်ရာ လူသားတစ်ဦးဖြစ်တဲ့ မင်းဆိုတဲ့ မက်ဆီကို ငါ အမြဲတမ်း ကျေးဇူးတင်နေမယ်။ မင်းအကြောင်းကို လူတိုင်းက သိတာကြောင့်ပဲ။”လို့ ဆွာရက်ဇက် ရေးသားပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါ အခု ရာသီမှာ ဆွာရက်ဇ် ရောက်ရှိသွားတဲ့ အက်သလက်တီကိုနဲ့ အနည်းဆုံး နှစ်ကြိမ် ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

“မင်းကို အခြား ဂျာစီအင်္ကျီနဲ့ မြင်ရရင်၊ မင်းနဲ့ မျက်နှာချင်း ဆိုင်ရရင် တကယ်ပဲ မသက်မသာ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် ဒီ စိန်ခေါ်မှုသစ်တွေမှာ မင်း အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ငါ ဆန္ဒပြုပါတယ်။”လို့ မက်ဆီက ရေးပါတယ်။

အရင် ဘောလုံးပွဲတွေမှာလည်း နှစ်ယောက်သား ယှဉ်ပြိုင်ကစားခဲ့ရဖူးတာကို ဆွာရက်ဇ်က ထောက်ပြပြောဆိုပါတယ်။

“သူ့ကို(မက်ဆီ) ဥရုဂွေး-အာဂျင်တီးနား ပွဲတွေမှာ ယှဉ်ပြိုင်ကစားဖူးတာပဲ။ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်ကစားရပေမယ့် တစ်ဦးအပေါ် တစ်ဦး ထားတဲ့ စိတ်ထားတွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။”လို့ ဆွာရက်ဇ်က ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly