ချက်နိုင်ငံမှာ ကပ်ရောဂါကာလအတွင်းဖန်တီးထားတဲ့ ကိုဗစ်-၁၉ အနုပညာလက်ရာပြပွဲ ကျင်းပ

ချက်နိုင်ငံမှာ ကပ်ရောဂါကာလအတွင်းဖန်တီးထားတဲ့ ကိုဗစ်-၁၉ အနုပညာလက်ရာပြပွဲ ကျင်းပ
Photo - AFP

စက်တင်ဘာ ၂၆ 

ချက်နိုင်ငံ ပရာ့ဂ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းက အနုပညာရှင်တွေ ဖန်တီးခဲ့ကြတဲ့ ဆန်းပြားတဲ့နှာခေါင်းစည်း၊ မျက်နှာကာတွေ၊ ကိုရိုနာဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့ ပန်းချီကား၊ ဂရက်ဖ်တီ၊ ဓာတ်ပုံနဲ့ ပန်းပုရုပ်ပုံတွေကို ပရင့်ထုတ်ထားတဲ့ဗားရှင်းတွေ ၊ တေးဂီတနဲ့ဗီဒီယိုတွေကို ကိုဗစ်-၁၉ အနုပညာလက်ရာ ပြပွဲအဖြစ် ကျင်းပလျက်ရှိပါတယ်။ 

ကိုဗစ်-၁၉ အနုပညာပြခန်းမှာ နိုင်ငံပေါင်း ၆၀ က အနုပညာရှင်ပေါင်း ၅၀၀ ခန့်ရဲ့ လက်ရာတွေကို ပြသထားပါတယ်။ လက်ရှိမှာတော့ အနုပညာလက်ရာပေါင်း ၂ ၀၀၀ ကျော် စုဆောင်းမိထားပါတယ်။  

ပြတိုက်မှူးဖြစ်တဲ့ ပါဗယ်စတက်စ်နီက “ ဒီပြပွဲမှာ ကပ်ရောဂါကာလအတွင်းက ဖန်တီးထားတဲ့ အနုပညာလက်ရာတွေကိုပြသထားပါတယ်။ ချက်နိုင်ငံကသာမကဘဲ တစ်ကမ္ဘာလုံးက အနုပညာလက်ရာတွေ ပါဝင်ပါတယ်။

အနုပညာရှင်တွေက ကပ်ရောဂါအတွင်းမှာ ကျွန်တော်တို့ကို စိတ်ပိုင်းဆို်ငရာ ရှင်သန်လွတ်မြောက်မှုကို ကူညီပေးတဲ့ လှုံ့ဆော်မှုတစ်ခုပါ။ ဒီပြပွဲက ကိုဗစ်-၁၉ လိုပဲ ရှင်သန်တက်ကြွမှုအပြည့်ရှိပါတယ်။ ဆိုလိုတာကတော့ ပြပွဲမှာ ထပ်ဖြည့်သွားဖို့ ကျွန်တော်တို့တွေ ကမ္ဘာတစ်လွှားက အနုပညာလက်ရာတွေကို ရှာဖွေသွားဦးမှာပါ။ အနုပညာက ကျွန်တော်တို့ကို ပျော်ရွှင်စေပါတယ်” လို့ပြောပါတယ်။ 

ချက်နိုင်ငံမှာ နွေဦးကာလ ကပ်ရောဂါစဖြစ်ချိန်တုန်းက ပရာ့ဂ်မြို့ရဲ့ အထင်ကရနေရာဖြစ်တဲ့ Lennon Wall က ဂျွန်လင်နွန် ရဲ့ ပုံတူဂရက်ဖ်တီပေါ်မှာ စတက်စ်နီက နှာခေါင်းစည်းတစ်ခု တပ်ခဲ့ပါသေးတယ်။  

ဂျွန်လင်နွန်ရဲ့ပုံတူပန်းချီမှာ နှာခေါင်းစည်းတပ်တဲ့သတင်းဟာ နိုင်ငံရပ်ခြားထိ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ပြင်သစ်က ပန်းချီအနုပညာရှင် Blaise Runart ရဲ့ အာရုံကိုဖမ်းစားနိုင်ခဲ့ပြီး သူ့ရဲ့လက်ရာကိုပါ အွန်လိုင်းအနုပညာလက်ရာစုဆောင်းပွဲမှာ ထည့်ခဲ့ပါတယ်။   

စတက်စ်နီဟာ စက်တင်ဘာမှာပြုလုပ်မယ့် ပြပွဲအတွက် အင်စတာဂရမ်နဲ့ ဖေ့စ်ဘွတ်စတဲ့ လူမှုမီဒီယာတွေကနေတစ်ဆင့် အနုပညာမိတ်ဆွေတွေရဲ့ လက်ရာတွေကို စုဆောင်းခဲ့တာဖြစ်ပါတယ်။  

တချို့ အနုပညာလက်ရာတွေကိုတော့ သံရုံးတွေက ဆက်သွယ်ပေးမှုကနေတစ်ဆင့် ရရှိခဲ့ပါတယ်။ ကပ်ရောဂါပြီးချိန်ကို အလေးထားတဲ့ လှုပ်ရှားမှု Next Normal ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ယူနက်စကိုရဲ့အကူအညီနဲ့ တချို့ဗီဒီယိုတွေကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။  

“ဖန်တီးထားတာတွေက အရမ်းကိုလက်ရာမြောက်ပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ အနုပညာရှင်တွေရဲ့ စိတ်ကူးနဲ့ ထင်မြင်ချက်တွေကို လက်ရာတွေက ထင်ဟပ်ပြသနေပါတယ်” လို့ ပြပွဲလာသူဧည့်သည်တစ်ဦးက AFP ကို ပြောပါတယ်။  

ကိုဗစ်-၁၉ အနုပညာလက်ရာပြပွဲကိုချက်နိုင်ငံရဲ့ တခြားမြို့မှာ ထပ်မံပြသသွားမှာဖြစ်ပြီး နိုင်ငံရပ်ခြားအထိပါ ပြသသွားဖို့ အစီအစဉ်ရှိပါတယ်။ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ဆားဘီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အိုမန်နဲ့ ထိုင်းနိုင်ငံတွေမှာ ပြသသွားဖို့ ဆွေးနွေးနေတယ်လို့ စတက်စ်နီက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly