တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းအရာရှိအား ပစ်သတ်ခဲ့မှုအတွက် ကင်ဂျုံအန်တောင်းပန်

By AFP
26 September 2020
တောင်ကိုရီးယား ငါးဖမ်းလုပ်ငန်းအရာရှိအား ပစ်သတ်ခဲ့မှုအတွက် ကင်ဂျုံအန်တောင်းပန်
Photo - AFP

စက်တင်ဘာ ၂၆ 
တောင်ကိုရီးယားက ငါးဖမ်းလုပ်ငန်း အရာရှိတစ်ဦးကို ပင်လယ်ပြင်မှာ ပစ်သတ်ခဲ့မှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က သောကြာနေ့မှာ တောင်းပန်လိုက်တယ်လို့ တောင်ကိုရီးယားသမ္မတရုံးက ပြောပါတယ်။  

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ ခြိမ်းခြောက်မှုကို ခံစားနေရတဲ့ တောင်ကိုရီးယားနိုင်ငံသားတွေကို ကူညီရမယ့်အစား ရေပိုက်နက်မှာ  မျှော်လင့်မထားတဲ့ ရှက်ဖွယ်ကောင်းတဲ့လုပ်ရပ် ဖြစ်ပွားခဲ့ပြီး တောင်ကိုရီးယား နိုင်ငံသားတွေနဲ့ သမ္မတမွန်ဂျေအင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့အတွက် များစွာစိတ်မကောင်း ဖြစ်မိတဲ့အကြောင်း ကင်ဂျုံအန်က သတင်းစကားပါးလိုက်တယ်လို့  တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ဆူဟွန်းက စက်တင်ဘာ ၂၅ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

မြောက်ကိုရီးယားစစ်သားတွေဟာ အဆိုပါငါးဖမ်းလုပ်ငန်းအရာရှိကို  အင်္ဂါနေ့က ပစ်သတ်ခဲ့ပြီး ရေထဲမှာပဲ သူ့ရဲ့အလောင်းကို မီးရှို့ခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကို ကာကွယ်တဲ့အနေနဲ့ ခုလိုလုပ်တာဖြစ်နိုင်တယ်လို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။  

တောင်ကိုရီးယားဆက်ဆံရေးနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ မြောက်ကိုရီးယားအာဏာရပါတီက ထုတ်ပြန်တဲ့စာမှာတော့ အဆိုပါအရာရှိဟာ ၎င်းတို့ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့ ငြင်းဆန်တဲ့အတွက် သေနတ်နဲ့ ၁၀ ချက်ခန့်ပစ်ခဲ့ကြောင်း ရေးသားထားပါတယ်။ 

နယ်ခြားစောင့်တပ်ဖွဲ့တွေအနေနဲ့ တည်ဆဲအမိန့်အရ ပစ်ခတ်ရခြင်းဖြစ်တယ်လို့ ပါတီထုတ်ပြန်စာမှာ ရေးသားထားပါတယ်။  

မြောက်ကိုရီးယားက ထွက်ပြေးလာတဲ့ ဆိုးလ်မြို့အခြေစိုက် သုတေသီ အန်ချန်အီက အထူးသဖြင့် တောင်ကိုရီးယားသားတွေနဲ့ သမ္မတကို မြောက်ကိုရီးယားအကြီးအကဲအနေနဲ့ ခုလိုတောင်းပန်တာဟာ ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။  

ရေတိုအတွင်းမှာ ဖြစ်နိုင်ခြေရှိတဲ့ ရန်ပွဲကို ရှောင်ရှားပြီး တောင်ကိုရီးယားဆီကနေ ရေရှည်အကျိုးကျေးဇူးရရှိနိုင်တဲ့အခွင့်အရေးကို ထိန်းသိမ်းချင်လို့ လုပ်တဲ့ သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခုဖြစ်တယ်လို့ ဆိုးလ် အီဝါတက္ကသိုလ်က နိုင်ငံတကာရေးရာသုတေသီ ပါမောက္ခ လက်ဖ်အဲရစ်အီစလေ ကပြောပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly