ရှင်ကျန်းဒေသက ဗလီထောင်ပေါင်းများစွာကို တရုတ် ဖြိုချဖျက်ဆီးဟု ဆို 

By AFP
26 September 2020
ရှင်ကျန်းဒေသက ဗလီထောင်ပေါင်းများစွာကို တရုတ် ဖြိုချဖျက်ဆီးဟု ဆို 
Photo - AFP

စက်တင်ဘာ ၂၆

တရုတ်အာဏာပိုင်တွေဟာ ရှင်ကျန်းဒေသက ဗလီထောင်ပေါင်းများစွာကို ဖြိချဖျက်ဆီးခဲ့တယ်လို့ ဩစတြေးလျပညာရှင်အဖွဲ့တစ်ဖွဲ့က သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ 

အဲဒီ ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက်မှာ ရှင်ကျန်းဒေသက မွတ်စလင်တစ်ဦးနှုန်းမှ ပျမ်းမျှရှိတဲ့ ဗလီအရေအတွက်ဟာ မွတ်စလင်နိုင်ငံအချို့မှာ ရှိတဲ့ အရေအတွက်ထက်တောင် ပိုများတယ်ဆိုပြီး တရုတ်နိုင်ငံက တုံ့ပြန်ပြောဆိုလာပါတယ်။ 

မတည်မငြိမ်ဖြစ်နေတဲ့ ရှင်ကျန်းဒေသမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး နောက်ဆုံးအစီရင်ခံစာမှာ ဩစတြေးလျ မဟာဗျူဟာမူဝါဒအသင်း ASPI ပညာရှင်အဖွဲ့က ပြောဆိုထားတာ ဖြစ်ပါတယ်။ 

“ဒီ ဩစတြေးလျ ပညာရှင်အဖွဲ့ဟာ ပြည်ပနိုင်ငံတွေက ရန်ပုံငွေ ထောက်ပံ့မှုကို ရယူနေပြီး တရုတ်ဆန့်ကျင်ရေး လုပ်ကြံပြောဆိုချက်တွေကို ထုတ်ပြန်နေတဲ့ အဖွဲ့ပါပဲ။ မယုံကြည်ထိုက်တဲ့ အဖွဲ့ပါပဲ။”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝေါင်ဝန်ပင်းက ပြောပါတယ်။ 

အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသအနှံ့က ကမ့်စခန်းတွေမှာ ဝီဂါမွတ်စလင် တစ်သန်းကျော်နဲ့ တာကစ်ဘာသာစကားပြော အခြားမွတ်စလင်များစွာကို ထိန်းသိမ်းအကျဉ်းချထားတယ်လို့လည်း လူ့အခွင့်အရေးအုပ်စုတွေကလည်း ပြောထားကြပါတယ်။  

အဲဒီ နယ်မြေက ဒေသခံတွေအနေနဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေနဲ့ ဘာသာရေးလုပ်ဆောင်မှုတွေကို စွန့်လွှတ်ဖို့လည်း ဖိအားပေးခံနေရတယ်လို့ သိရပါတယ်။ 

သတင်းစာရှင်းလင်းပွဲမှာ ဝေါင်ဝန်ပင်းက “ရှင်ကျန်းဒေသမှာ ဗလီပေါင်း ၂၄၀၀၀ လောက် ရှိထားတယ်။ ဒါဟာ ပျမ်းမျှချကြည့်ရင် မွတ်စလင် အယောက် ၅၃၀ မှာ ဗလီတစ်လုံး ရှိနေတာ ဖြစ်တယ်။ ရှင်ကျန်းက ဗလီအရေအတွက်ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဗလီအရေအတွက်ထက် ဆယ်ဆပိုများတယ်။”လို့ ပြောခဲ့ပါတယ်။ 

ရှင်ကျန်းဒေသက ဘာသာရေးနေရာ ရာပေါင်းများစွာကို ရိုက်ယူထားတဲ့ ကောင်းကင်ဓာတ်ပုံတွေနဲ့ စာရင်းအင်းအချက်အလက်တွေကို အခြေခံပြီး ဗလီပေါင်း ၁၆၀၀၀ နီးပါး ဖြိုချဖျက်ဆီးခံရတယ်ဆိုပြီး ASPI အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly