တစ်ကမ္ဘာလုံး စုပေါင်းမဖြေရှင်းခဲ့ရင် ကိုရိုနာကပ်ဘေးမှာ လူ ၂ သန်း သေဆုံးနိုင်လို့ WHO ပြော

တစ်ကမ္ဘာလုံး စုပေါင်းမဖြေရှင်းခဲ့ရင် ကိုရိုနာကပ်ဘေးမှာ လူ ၂ သန်း သေဆုံးနိုင်လို့ WHO ပြော
Photo - AFP

စက်တင်ဘာ ၂၆

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ တစ်ကမ္ဘာလုံး စုပေါင်းလုံ့လစိုက်ထုတ်တာ မရှိရင် COVID-19 ကြောင့် လူ နှစ်သန်းအထိ သေဆုံးရဖို့ များကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သောကြာနေ့မှာ ပြောပါတယ်။ 

ကပ်ဘေးအတွင်း ကမ္ဘာအနှံ့ သေဆုံးမှုနှုန်းဟာ တစ်သန်းနားအထိ မြင့်တက်ရောက်ရှိလာချိန်မှာပဲ နိုင်ငံတွေ၊ ဒေသတွေအနေနဲ့ ကပ်ဘေးကို ရင်ဆိုင်ကိုင်တွယ်ကြရာမှာ အတူတကွ ပူးပေါင်းတာ မရှိဘူးဆိုရင် နောက်ထပ် လူတစ်သန်းကို ဆုံးရှုံးရဖို့က ဖြစ်နိုင်ခြေ များတယ်ဆိုပြီး WHO က ပြောလာတာပဲ ဖြစ်ပါတယ်။ 

“လူတစ်သန်းဆိုတဲ့ နှုန်းဟာ ကြောက်မက်ဆိုးဝါးလွန်းတဲ့ နှုန်းထားပါ။ ဒါကို ဥပမာယူပြီး နောက်ထပ် လူတစ်သန်း မဆုံးရှုံးရဖို့အတွက် ကျွန်တော်တို့တွေ စတင်စဉ်းစားကြဖို့တော့ လိုပါပြီ။”လို့ WHO အရေးပေါ်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  

ကပ်ဘေးအတွင်းမှာ လူ နှစ်သန်းအထိ သေဆုံးနိုင်တယ်ဆိုတာ မစဉ်းစားဝံ့စရာ ဖြစ်မလားဆိုပြီး မေးမြန်းတာကို သူက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပြီး “အဲဒီ နှုန်းထားလောက် သေဆုံးမှာကို ရှောင်ရှားနိုင်ဖို့အတွက် ကျွန်တော်တို့တွေ အတူတကွ စုပေါင်းပြင်ဆင်ထားတာမျိုးရော ရှိလို့လား။”ဆိုပြီးလည်း ပြန်လည်မေးမြန်းပါတယ်။ 

“ဒီလိုမျိုး စုပေါင်းမဖြေရှင်းကြဘူးဆိုရင်တော့ အမှန်ပါပဲ၊ လူ နှစ်သန်း သေဆုံးရမှာကို စောင့်ကြည့်နေရတော့မှာ ဖြစ်ပြီး အရမ်းကို စိတ်မကောင်းစရာ ဖြစ်ပါလိမ့်မယ်။”လို့ မိုက်ကယ်ရိုင်ယန်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက တရုတ်နိုင်ငံကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်ချိန်ကစပြီး လက်ရှိအထိ သေဆုံးသူဦးရေဟာ ၉၈၀၀၀၀ ကျော် ရှိနေပြီဖြစ်ကြောင်း တရားဝင်သတင်းရင်းမြစ်တွေကို အေအက်ဖ်ပီရဲ့ သောကြာနေ့အထိ စစ်တမ်းကောက်ယူချက်အရ သိရပါတယ်။ 

ကမ္ဘာတစ်လွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူဦးရေဟာလည်း ၃၂ ဒသမ ၃ သန်းနီးပါးအထိ ရှိနေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly