အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက်

အင်းစိန်ရွာမကျောင်းတိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ သံဃာနှင့် လူပုဂ္ဂိုလ် ၃၅၄ ဦး အထိမြင့်တက်
Photo Creadit - ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက်

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က သံဃာတော် ၂၇၅ ပါးနှင့် လူပုဂ္ဂိုလ်လေးဦး စုစုပေါင်း ၂၇၉ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ယနေ့ ထပ်မံတွေ့ရှိသဖြင့် ကျောင်းတိုက်တစ်ခုတည်းမှ ကူးစက်ခံရသူ စုစုပေါင်း ၃၅၄ ဦးရှိသွားပြီဖြစ်သည်။

ပရိယတ္တိစာပေသင်ကြားမှုနှင့်ပတ်သက်၍ ထင်ပေါ်ကျော်ကြားသော စာသင်တိုက်၏ စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက ယနေ့ထပ်မံတွေ့ရှိမှုများနှင့်ပတ်သက်၍ မိန့်ကြားရာတွင်   “ ကျန်းမာရေးဝန်ကြီးဌာန နှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျှက် ရှိပါတယ်။ မှော်ဘီ တဆက ( တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင် )   မှာ ၉၁ ဦး ကုသပေး မှာ ဖြစ်ပြီး အင်းစိန် သာသနာ့ဗိမာန်တွင် ၁၈၈ ပါးကို ကုသပေး မှာဖြစ်ပါတယ်။ ဆရာတော်ကြီးနှင့် ကျန်သံဃာများလည်း ကျန်းမာစွာ ရှိကြပါတယ်။ ပိုးတွေ့ သံဃာများလည်း ကျန်းမာရေး ကောင်းမွန်ကြပါတယ်” ဟု ပါရှိသည်။

ယမန်နေ့ညနေက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ရွာမကျောင်းတိုက်က သံဃာ ၇၅ ပါးတွင် ကိုဗစ်-၁ ၉ကူးစက်ခံရကြောင်း ပါရှိသည်။

ကျောင်းတိုက်ကို အဝင်အထွက်ပိတ်ထားပြီး မတ်လအစပိုင်းကပင် ကျောင်းတိုက်ရှိ သံဃာတော်များမှာ ဆွမ်းခံ ထွက်ခြင်းမပြုခဲ့ကြောင်း သိရသည်။

စာသင်တိုက်တွင် သံဃာတော်စုစုပေါင်း ၅၃၂ ပါး၊ ကျောင်းသားနှင့် ဝေယျာဝစ္စဆောင်သူလူပုဂ္ဂိုလ် ၅၅ ဦးရှိပြီး စုစုပေါင်း ၅၈၇ ဦးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly