အင်းစိန်ဆေးရုံမှ နေအိမ်ပြန်လွှတ်ခံရသည့် သံသယလူနာများအတွက် ကွာရန်တင်းစင်တာဖွင့်လှစ်

အင်းစိန်ဆေးရုံမှ နေအိမ်ပြန်လွှတ်ခံရသည့် သံသယလူနာများအတွက် ကွာရန်တင်းစင်တာဖွင့်လှစ်

စက်တင်ဘာ ၂၅ရက်

အင်းစိန်ဆေးရုံသို့ လာရောက်ပြသပြီး နေရာအခက်အခဲကြောင့် နေအိမ်သို့ ပြန်လည်စေလွှတ်ခဲ့သည့် COVID-19 သံသယလူနာအချို့အား စောင့်ကြည့်ထားရှိရန်အတွက် အဆိုပါဆေးရုံရှေ့ အင်းစိန်လမ်းမကြီး ပေါ်ရှိ အ.ထ.က(၁)အင်းစိန်ကို ကွာရန်တင်းစင်တာအဖြစ် စက်တင်ဘာ ၂၄ရက်မှ စတင်ဖွင့်လှစ်ထားပြီ ဖြစ်သည်။

“fever clinic လာပြတယ် ဖျားတော့ မဖျားဘူး။ အသက်တွေဘာတွေလည်း သိပ်မကြီးဘူး။ ရောဂါလည်းမရှိဘူး။ အနံ့ပျောက်ပဲဆိုရင် အစ်မတို့ဆေးရုံမှာလည်း တင်ဖို့နေရာမရှိဘူး။ အဲ့မှာနေဖို့ သဘောတူရင် ထားပေးတယ်။ အဲ့မှာနေရင်းနဲ့ပဲ သူ့ဝေဒနာပျောက်ကင်းသွားတယ်ဆို အိမ်ပြန်လို့ရတယ်။ တချို့ကျတော့လည်း ရတယ် ကျွန်တော်မနေချင်ဘူး အိမ်မှာကျွန်တော်တစ်ယောက်ထဲနေတာ ဘယ်သူ့မှမကူးအောင်နေမယ်ဆိုရင်လည်း သူ့အိမ်ပဲပြန်လွှတ်လိုက်တာပေါ့။ သူ့အိမ်ကအကောင်းဆုံးပဲဟာ” ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမာမာကြည်က ပြောသည်။

အ.ထ.က(၁) အင်းစိန် မှ ကွာရန်တင်းစင်တာအား အင်းစိန်ဆေးရုံကြီးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၆၆ ဦး အမျိူးသား ၃၀ ဦးထားရှိနိုင်ရန် အထွေထွေအုပ်ချုပ်ရေးဦးစီး ဋ္ဌာနက စီစဉ်ပေးထားခြင်း ဖြစ်ကြောင်း ဒေါက်တာ မာမာကြည်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ညွှန်ကြားချက်၊ အင်းစိန်လွှတ်တော်ကိုယ်စား လှယ်များ၊မြို့နယ်ကိုဗစ် ကော်မတီ၊ အင်းစိန်ဆေးရုံအုပ်ကြီးတို့၏ ညှိနှိုင်းတိုင်ပင်ဆွေးနွေးချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါ စင်တာသို့ ရောက်ရှိနေသည့် သံသယလူနာ ကိုး ဦး ရှိကြောင်း သိရသည်။

“တကယ့်တကယ်တော့ ကိုဗစ်-၁၉ ဆိုတာဟာ ကပ်ရောဂါကြီးဖြစ်ပေမယ့်လည်း ဆရာမတို့ ဆရာဝန်တွေအနေနဲ့တော့ ကိုယ့်လူနာတွေကို စောင့်ရှောက်ပါတယ်။  ဝေဒနာမခံစားရတဲ့သူ ကျန်းမာတဲ့သူတွေက ဝေဒနာရှင်တွေကို နားလည် စာနာပေးပါ။ နောက်ပြီးတော့ လက်ခံပေးပါ။ သူတို့ကို ပစ်ပယ်တာ ဖယ်ရှောင်တာ ရွံစရာကောင်းတဲ့သတ္တဝါလိုမျိုးမဆက်ဆံဘဲနဲ့ ဝိုင်းဝန်းပြုစုကြလို့ရှိရင် ဒီရောဂါဆိုးကြီးကို အမြန်ဆုံးကျော်လွှားနိုင်မှာပါ” ဟု ပါမောက္ခဒေါက်တာမာမာကြည်က ဆိုသည်။

ယခုလက်ရှိတွင် အင်းစိန်ဆေးရုံကြီးတွင်သာမက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားသော ဆေးရုံများတွင်လည်း နေရာအခက်အခဲများရှိနေသည့်အတွက် COVID-19 သံသယလူနာများထဲမှ ရောဂါအခြေအနေစိုးရိမ်စရာမရှိသည့် လူနာများအား နေအိမ်သို့ ပြန်လွှတ်နေရသည်။

အင်းစိန်မြို့နယ်တွင် ကွာရန်တင်းစင်တာ ၄ခုဖွင့်လှစ်ထားပြီး GTI ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထားရှိသော ကွာရန်တင်းစင်တာ ၃ ခု မှာ မြို့နယ်အတွင်းရှိ ပိုးတွေ့သူနှင့် ထိတွေ့ခဲ့ကြသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းအဖြစ် ဆောင်ရွက်နေသည်။

လက်ရှိတွင်အင်းစိန်မြို့ရှိ ကွာရန်တင်း စင်တာ ၄ ခုတွင် အမျိုးသား ၁၄၈ ဦး၊ အမျိုးသမီး ၁၂၅ ဦး စုစုပေါင်း ၂၇၃ ဦးအား ကန့်သတ်စောင့်ကြည့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly