Stay at Home အစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်းများမှ အာမခံအလုပ်သမားများ၏ လစာ ၄ဝ ရာခိုင်နှုန်းကို ထောက်ပံ့ကြေးအဖြစ်ပေးအပ်မည်

Stay at Home အစီအစဉ်တွင် ပါဝင်သည့် လုပ်ငန်းများမှ အာမခံအလုပ်သမားများ၏ လစာ ၄ဝ ရာခိုင်နှုန်းကို ထောက်ပံ့ကြေးအဖြစ်ပေးအပ်မည်

စက်တင်ဘာ ၂၅

Stay at Home အစီအစဉ်တွင်အကျုံးဝင်သည့် လုပ်ငန်းများမှ လူမှုဖူလုံရေးကြေး သွင်းထားသည့် အာမခံ အလုပ်သမားများကို လစာ၏ ၄ဝရာခိုင်နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး က မဇ္စျိမသို့ပြောသည်။

၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ပါလုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အဆိုပါ ခံစားခွင့်ကို ထုတ်ပေးမည်ဖြစ်ကာ ဥပဒေ၊ နည်းဥပဒေများ၏ သတ်မှတ်ချက်ဖြစ်သည့် အနည်းဆုံး ၃၆လအာမခံကြေး ပေးသွင်းခြင်းမရှိစေကာမူ ၂၀၂ဝ ခုနှစ် ဇွန်လအတွက် ထည့်ဝင်ကြေးပေးသွင်းပြီး စက်တင်ဘာလ ၂၃ရက်အထိ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပါက လုပ်ခလစာ၏ ၄၀ ရာခိုင်နှုန်းကို ခံစားခွင့်ပြု သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။

ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက “ အရင်တုန်းကတော့ ရက်နဲ့တွက်ပြီးပေးတာ။ အခုကတော့ လစာရဲ့ ၄ဝရာခိုင်နှုန်းကို တွက်ပြီးပေးလိုက်တာ။ ထောက်ပံ့တာပါ။ COVID-19 အရေးမှာ လူမှုဖူလုံရေး သွင်းထား သူတွေက သူတို့အပါအဝင် သူတို့မိသားစုတွေ တစ်ဖက်တစ်လမ်းက အထောက်အကူ ဖြစ်အောင် ထောက်ပံ့ပေးတာပါ” ဟု ပြောသည်။

လူမှုဖူလုံရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းဌာနများရှိ အလုပ်ရှင် သို့မဟုတ် အလုပ်ရှင် ကိုယ်စား တာဝန်ရှိသူများသည် ၎င်းအလုပ်သမားများအတွက် လူမှုဖူလုံရေး ထောက်ပံ့ကြေးရရှိ နိုင်စေရန် သက်ဆိုင်ရာ မြို့နယ် လူမှုဖူလုံရေးရုံးများသို့ဖြစ်စေ Webportal- https//ssbmyanmar.comသို ဖြစ်စေ https//ssb.gov.mm သိုဖြစ်စေ အမိန့်ကြေညာစာထုတ်ပြန်သည့်နေ့မှ စတင်လျှောက်ထားနိုင်ကြောင်း ဖော်ပြထားသည်။

COVID-19 ပထမလှိုင်းကာလအတွင်းမှာ အစိုးရအနေဖြင့် ရိက္ခာခြောက်မျိုုးကို ထောက်ပံ့ပေးခဲ့ပြီး ဝင်ငွေနဲ ပြည်သူများကို တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly