တပ်မတော်ကိစ္စ ဒေါက်တာ မျိုးညွန့် မှတ်ချက် JFM က ဝေဖန်

တပ်မတော်ကိစ္စ ဒေါက်တာ မျိုးညွန့် မှတ်ချက် JFM က ဝေဖန်
Photo Creadit - တပ်မတော်ကိစ္စ ဒေါက်တာ မျိုးညွန့် မှတ်ချက် JFM က ဝေဖန်

စက်တင်ဘာ ၂၅၊ ၂၀၂၀

တပ်မတော်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဒေါက်တာ မျိုးညွန့်၏ မှတ်ချက်ကိုJustice For Myanmar (JFM) အဖွဲ့က ပြစ်တင်ဝေဖန်လိုက်သည်။

“တပ်မတော်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့အချက်က ခေတ်မီလက်နက်တွေရှိမှ လုပ်လို့ရတာ မဟုတ်ပါဘူး။ ရဝမ်ဒါနိုင်ငံမှာဆိုလည်း ဓားနဲ့ပဲ သိန်းနဲ့ချီပြီး သတ်ခဲ့တာ ရှိပါတယ်။ တိုးတက် ခေတ်မီတာက နိုင်ငံချင်းဖြစ်ပွားတဲ့ နယ်စပ်ဖြတ်ကျော် အငြင်းပွားမှုတွေမှာ အသုံးဝင်ပါတယ်” ဟု ဒေါက်တာ မျိုးညွန့်က စက်တင်ဘာလ ၁၇ ရက်နေ့တွင် မော်ကွန်း မဂ္ဂဇင်းသို့ ဖြေကြားချက်အပေါ် Justic For Myanmar က ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကို စစ်လက်နက်ပစ္စည်း ပံ့ပိုးကူညီခြင်းအားဖြင့် NLD ဦးဆောင်သော အစိုးရသည် တပ်မတော်က ကျူးလွန်သည့် ရာဇဝတ်ပြစ်မှုများတွင် ကြံရာပါအဖြစ် ပါဝင်နေသည့် သဘောမျိုး ဖြစ်နေကြောင်း၊ ဒေါက်တာ မျိုးညွန့်၏ မှတ်ချက်သည် ကျူးလွန်ခံရသူနှင့် အသက်ရှင် လွတ်မြောက်လာသူတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ တိုင်းရင်းသားပြည်သူများအပေါ် လျစ်လျူရှုမှု ဖြစ်ကြောင်း ဝေဖန်ထားသည်။

ထို့အပြင် ဤမှတ်ချက်သည် တပ်မတော်၏ စစ်လက်နက်ဝယ်ယူအားဖြည့်မှုကို ထောက်ခံအားပေးနေပြီး နိုင်ငံတကာ ဥပဒေကို ဆန့်ကျင်သွေဖည်နေသည်ကို ထပ်တိုး သက်သေဖြစ်ကြောင်း၊ NLD ဦးဆောင်အစိုးရက လေးစား လိုက်နာရမည့် နိုင်ငံတကာ တာဝန်ဝတ္တရာများ၊ ဒီမိုကရေစီတာဝန်နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝတ္တရားများဖြစ်သည့် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ပြည်သူများကို မခွဲခြားဘဲ ကာကွယ်ပေးရန် လျစ်လျူရှုရာ ရောက် ကြောင်းလည်း ဝေဖန်ထားသည်။

အကြမ်းဖက်မှု သံသရာကို ရပ်တန့်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးကို လုပ်ဆောင်ပေးရန် Justic For Myanmar က တောင်းဆိုထားပြီး တပ်မတော်ကို အရပ်ဘက် ထိန်းချုပ်မှုအောက်တွင် ထားရန်လည်း တိုက်တွန်းထားသည်။

 Justice For Myanmar အဖွဲ့သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တာဝန်ခံမှုရရှိစေရေး စည်းရုံးလှုံ့ဆော်နေသည့် အဖွဲ့ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေးရှုလျက် တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required