အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာများနှင့် လူပုဂ္ဂိုလ်အားလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးနေ

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာများနှင့် လူပုဂ္ဂိုလ်အားလုံးကို ဓာတ်ခွဲနမူနာရယူစစ်ဆေးနေ
Photo Creadit - ရွာမပရိယတ္တိစာသင်တိုက်-အင်းစိန်

ရန်ကုန်၊ စက်တင်ဘာ ၂၅

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၇၅ ပါးတွင် ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရသဖြင့် ကျောင်းတိုက်ရှိ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အားလုံးကို တပ်မတော်၏ အစီအစဉ်ဖြင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးနေကြောင်း အဆိုပါ ကျောင်းတိုက်ရှိ စာချနာယကဆရာတော် အရှင်ဂန္ဓသာရာလင်္ကာရက မဇ္ဈိမကို မိန့်သည်။

ကျောင်းတိုက်ရှိ သံဃာတစ်ပါးတွင် ကိုဗစ်လက္ခဏာခံစားရခဲ့ရသဖြင့် ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ ပိုးတွေ့ရှိခဲ့ရသဖြင့် ထိတွေ့စပ်ဆက်ခဲ့သည့် သံဃာများကို ထပ်မံစစ်ဆေးရာ ပိုးတွေ့သံဃာ ၇၅ ပါးအထိ ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“သံဃာလေးတစ်ပါးက တုပ်ကွေးဖျားတာလိုလို ဘာလိုလိုနဲ့ နည်းနည်းလေးဖျားတယ်။ အဖျားပျောက်ပြီးတော့ သူ့ကိုယ်သူ အနံ့မရဘူးလို့ ထင်တယ်။ ခပ်ခွဲခွဲလေးနေတယ်ပေါ့ဗျာ။ ပြီးမှ ဦးဇင်းတို့ တာဝန်ရှိတဲ့ ဘုန်းကြီးတွေကို လာပြောတာပါ။ အဲ့ဒီကနေ ကျောင်းထဲမှာရှိတဲ့ ဆရာဝန်တွေက စစစ်လိုက်တာ။ အဲ့ကနေ ဦးဇင်းတို့ အဆင့်ဆင့်တင်ပြီးလုပ်ဆောင်တာပါ” ဟု မိန့်သည်။

ထို့ကြောင့် ကျောင်းရှိ သံဃာတော်နှင့် လူအားလုံး၏ ဓာတ်ခွဲနမူနာများကို စက်တင်ဘာလ ၂၄ ရက်နေ့နေ့လည်ပိုင်းက တပ်မတော်မှ အဖွဲ့လေးဖွဲ့ခွဲ၍ ဓာတ်ခွဲနမူနာများစစ်ဆေးယူဆောင်ထားပြီး ဓာတ်ခွဲအဖြကို မသိရသေး ကြောင်း အရှင်ဂန္ဓသာရာလင်္ကာရက မိန့်ကြားသည်။

“အဲ့ဒါတွေက တပ်မတော်က ထုတ်ပြန်ပါလိမ့်မယ်။ လောလောဆယ် ဘယ်လောက်ရယ်လို့ ဦးဇင်းတို့ကိုလည်း တပ်က မပြောသေးပါဘူး။ ဓာတ်ခွဲနမူနာ ၂၂ ရက်နေ့မနက်က စစ်ပါတယ်။ အဲ့ဒီနေ့က ၁၃ ပါးစစ်တယ်။ ၁၃ ပါးထဲ က ၁၂ ပါးမှာ ပိုးတွေ့တယ်။ အဲ့ဒီ ၁၂ ပါးနဲ့ ဆက်စပ်ကို နောက်ထပ် ၁၂၂ ပါးစစ်တယ်။ အဲ့ထဲက ၆၃ ပါးမှာတွေ့တယ်။ စုစုပေါင်း ၇၅ ပါးပေါ့။ လက်ရှိဦးဇင်းတို့ သိရတာ ဒါအကုန်ပါပဲ” ဟု မိန့်ကြားသည်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်တွင် သံဃာတော်စုစုပေါင်း ၅၃၂ ပါးနှင့် ကျောင်းသားနှင့် ဝေယျာဝစ္စဆောင်သူလူပုဂ္ဂိုလ် ၅၅ ဦးရှိပြီး ပဓာနနာယက ရွာမဆရာတော်ကြီးကို ဓာတ်ခွဲနမူနာစစ်ဆေးရာ၌ ကိုဗစ်ကူးစက်ခံရမှု မရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့တစ်ရက်အတွင်း တွေ့ရှိခဲ့သော ပိုးတွေ့လူနာ ၈၆၉ ဦး၏ စာရင်းများကို စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခွဲ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အင်းစိန် မြို့နယ်မှ ပိုးတွေ့လူနာ ၈၈ ဦးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပိုးတွေ့လူနာ ၈၈ ဦးအနက် ၇၅ ဦးမှာ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်များဖြစ်သည်။

ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် သံဃာတော် ၇၅ ပါးကို တပ်မတော်၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူနေကာ ကျောင်းတိုက်ကိုလည်း အဝင်အထွက်ပိတ်ထားပြီး မတ်လအစပိုင်းကပင် ကျောင်းတိုက်ရှိ သံဃာတော်များမှာ ဆွမ်းခံ ထွက်ခြင်းမပြုတော့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly