လွိုင်ကော်မြို့တွင် NLD ပါတီ ဝန်းရံသူ ၁ သောင်းခန့် ချီတက်လှည့်လည်

လွိုင်ကော်မြို့တွင် NLD ပါတီ ဝန်းရံသူ ၁ သောင်းခန့် ချီတက်လှည့်လည်

စက်တင်ဘာလ ၂၅၊ ၂၀၂၀

ကယားပြည်နယ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဝန်းရံသူ လူဦးရေ ၁ သောင်းနီးပါး ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်များဖြင့် လွိုင်ကော်မြို့တွင်းတွင် စက်တင်ဘာလ ၂၅ ရက်နေ့က လှည့်လည်ကြသည်။

NLD ပါတီကို ထောက်ခံသူများ၏ ဆန္ဒအရ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း NLD ပါတီအား ဝန်းရံသူ ကိုဇော်ထွေးက မဇ္ဈိမကို ပြောသည်။ ကိုဇော်ထွေးသည် NLD ပါတီဝင်ဖြစ်ရန် လျှောက်ထားဆဲ ဖြစ်ပြီး ယနေ့ လွိုင်ကော်မြို့တွင်း ကား၊ ဆိုင်ကယ်များဖြင့် လှည့်လည်ပွဲကို စီစဉ်သူတစ်ဦး ဖြစ်သည်။

“ကျွန်တော်တို့ (စက်တင်ဘာ) ၈ ရက်နေ့က စပြီးတော့ တတိယ အကြိမ်ထွက်တုန်းက လူမှုကွန်ရက် စာမျက်နှာ comment မှာ ကျွန်တော်တို့ကျတော့ မခေါ်ဘူး၊ အသိလေးတောင် မပေးဘူးဆိုတော့ အဲဒါနဲ့ ကျွန်တော် တစ်ရက် လုပ်ပေးမယ်၊ ဒါကြောင့် ဒီနေ့ အစီအစဉ်ကို လုပ်လိုက်တာပါ” ဟု ပြောသည်။

ဓာတ်ပုံ - စောသန်းထိုက်ဦး

ကိုဇော်ထွေးက ဆက်လက်၍ “အားလုံး ရင်ဘတ်တူတွေပေါ့ဗျာ။ ရင်ဘတ်တူလို့ လုပ်ကြတာပါ” ဟု ဆိုသည်။

မြို့တွင်း လှည့်လည်သူများကိုလည်း ဆိုင်ကယ် တစ်စီးလျှင် နှစ်ဦးနှုန်း၊ ကားဖြင့် ဝန်းရံပါက ကားတစ်စီးလျှင် လေးဦးအထိသာ စီးနင်းကြရန် ဝန်းရံသူများကို စည်းကမ်းချက် ထုတ်ထားသည်ဟု သိရသည်။

ကိုဗစ်ရောဂါ ဖြစ်ပွားမှု မတွေ့ရှိရသည့် ကယားပြည်နယ်တွင် လွိုင်ကော် စီတန်းလှည့်လည်ပွဲ လာရောက်ဝန်းရံသူများ အားလုံးကိုလည်း နှာခေါင်းစည် mask များ ဖြန့်ဝေးပေးပြီး အလှူရှင်များ ပံ့ပိုးပေးသည့် မုန့်နှင့် သောက်ရေသန့်တို့ကိုလည်း ဝေပေးကြောင်း သိရသည်။  

ဓာတ်ပုံ - စောသန်းထိုက်ဦး

ကား၊ ဆိုင်ကယ်၊ သုံးဘီယာဉ်များဖြင့် လှည့်လည်နေစဉ် လွိုင်ကော်မြို့၊ နာနတ်တော ရပ်ကွက်တွင် နေထိုင်သည့် ပြည်သူလူထုတချို့ NLD ပါတီ နိုင်ရမည်ဟု ကြွေးကြော်သံများဖြင့် ကြိုဆိုကြ သကဲ့သို့ က၍ ကြိုဆိုသူ တစ်ဦးကိုလည်း တွေ့ရသည်။

ကားဖြင့် လာရောက် ဝန်းရံသူ ဒေါ်သက်သက်ခိုင်က “အမေစုကိုပဲ ပြန်နိုင်စေချင်တယ်” ဟု ပြောသည်။ 

ကိုဇော်ထွေး၏ ပြောပြချက်အရ နေ့ရက် အတိအကျ မသိရသော်လည်း လာမည့်အကြိမ်တွင် ရှားတော မြို့နယ်သို့ သွားရောက် လှည့်လည်ရန် စီစဉ်ထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly