တရုတ်ကုမ္ပဏီ Sinovac ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ ၄၆ သန်းကို ဘရာဇီးသို့တင်ပို့မည်

တရုတ်ကုမ္ပဏီ Sinovac ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ ၄၆ သန်းကို ဘရာဇီးသို့တင်ပို့မည်

စက်တင်ဘာ ၂၅ 

တရုတ်နိုင်ငံရဲ့ CoronaVac လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ ၄၆ သန်းကို ဒီနှစ်ကုန်မှာ ဘရာဇီးနိုင်ငံကို တင်ပို့နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ Sinovac ဇီဝနည်းပညာကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ယင်ဝေ့တုံးက ပြောပါတယ်။  

Sinovac ကုမ္ပဏီအနေနဲ့ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှုအတွက် ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိပေမယ့် အရေးပေါ်အသုံးပြုမှုနဲ့ပတ်သက်ပြီး သဘောထားအမျိုးမျိုးရှိကြတာကြောင့် လုပ်ဆောင်နိုင်မလားဆိုတာတော့ မသိနိုင်ဘူးလို့ ယင်ဝေ့တုံး ကပြောပါတယ်။ 

Sinovac ရဲ့ အမှုဆောင်အရာရှိချုပ် ယင်ဝေ့တုံး က “၂၀၂၀ အကုန်မှာ ဘရာဇီးကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပမာဏ ၄၆ သန်းပေးပို့မယ်ဆိုတဲ့ သဘောတူညီချက်အတွက် အပြီးသတ်လုပ်ဆောင်နေပါတယ်။ ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှုလုပ်ဆောင်နေတဲ့နိုင်ငံတွေရှိရင်လည်း သူတို့နဲ့ပူးပေါင်းလုပ်ဆောင်ချင်ပါတယ်။ တရုတ်မှာ လုပ်ဆောင်ပြီးသွားတဲ့ အချက်အလက်တွေနဲ့ အရေးပေါ်အသုံးပြုမှုဆိုင်ရာအစီအစဉ်တွေကို မျှဝေချင်တယ်။ လေ့လာဖို့ သူတို့ကို ဖိတ်သွားချင်ပါတယ်။ ကာကွယ်ဆေးအရေးပေါ်အသုံးပြုမှုဆိုင်ရာ သဘောတူညီမှုအတွက် နိုင်ငံအမျိုးမျိုးမှာ ကိုယ်ပိုင်ရွေးချယ်မှုရှိတယ်လို့ ကျွန်တော်မြင်ပါတယ်” လို့ပြောပါတယ်။  

Sinovac နဲ့ Sinopharm အပါအဝင် တရုတ်ဆေးဝါးကုမ္ပဏီတွေဟာ ဒီလအစောပိုင်းတုန်းက ပြုလုပ်တဲ့ ပေကျင်းကုန်စည်ပြပွဲမှာ အလားအလာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေကို ပြသခဲ့ကြပါသေးတယ်။ 

နိုဝင်ဘာ ဒါမှမဟုတ် ဒီဇင်ဘာလလောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုးမျိုး ရနိုင်လိမ့်မယ်လို့ တရုတ်ရောဂါထိန်းချုပ်ရေးဌာနက ဇီဝလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူက ပြီးခဲ့တဲ့သီတင်းပတ်က CCTV ကိုပြောခဲ့ပါတယ်။  

မကြာသေးခင်အချိန်က ကာကွယ်ဆေးစမ်းသပ်မှုနဲ့ပတ်သက်ပြီး အခက်အခဲတချို့ကြုံတွေ့ရပေမယ့် လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကိုးမျိုးကို နောက်ဆုံးအဆင့်အနေနဲ့ လူသားတွေနဲ့စမ်းသပ်လျက်ရှိပါတယ်။  

တရုတ်နိုင်ငံကထုတ်တဲ့ ကာကွယ်ဆေးအချို့ကိုတော့ အရေးပေါ်အသုံးပြုမှုအစီအစဉ်အရ လိုအပ်တဲ့ ဝန်ထမ်းအလုပ်သမားတွေအတွက် ပေးအပ်ပြီးဖြစ်ပါတယ်။ 

 Sinovac ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့အဆိုအရ ဝန်ထမ်းမိသားစုပေါင်း ၉၀ ရာခိုင်နှုန်းအပါအဝင် လူပေါင်း ၂ ၀၀၀  နဲ့ ၃ ၀၀၀ အကြားဟာ သူတို့ရဲ့ ဆန္ဒအလျောက် ကာကွယ်ဆေးအသုံးပြုပြီးဖြစ်တယ်လို့ ဆိုပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly