ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့ ပါလီမန်က အချိန်ရွှေ့ဆိုင်းခဲ့တဲ့အတွက် ထိုင်းဆန္ဒပြသူတွေ ဒေါသထွက်

By AFP
25 September 2020
ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ဖို့ ပါလီမန်က အချိန်ရွှေ့ဆိုင်းခဲ့တဲ့အတွက် ထိုင်းဆန္ဒပြသူတွေ ဒေါသထွက်
Photo - AFP

စက်တင်ဘာ ၂၅ 

ထိုင်းနိုင်ငံမှာ စက်တင်ဘာ ၂၄ ရက်က ပါလီမန်တွင်း ဥပဒေပြုအမတ်တွေဟာ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မလား၊ မလုပ်ဘူးလားဆိုတာနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် ချမှတ်ဖို့ကို နောက်ဆုတ်ခဲ့တဲ့အတွက် ပါလီမန်အပြင်ဘက်မှာ ရှိနေခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ဒေါသထွက်စေခဲ့ပါတယ်။ 

ထိုင်းနိုင်ငံမှာ စစ်တပ် ရေးဆွဲတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှုတွေ လုပ်ဖို့ ဥပဒေအမတ်တွေ ဆွေးနွေးခဲ့ချိန် စက်တင်ဘာ ၂၄ ရက်က ထိုင်းဆန္ဒပြသူ ထောင်နဲ့ချီတို့ဟာ ပါလီမန်အပြင်ဘက်မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုတွေ လုပ်ဖို့ဆိုတာက ယင်းနိုင်ငံမှာ လက်ရှိကာလ အလျင်အမြန် ကြီးထွားလာနေတဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုအတွင်း အဓိက တောင်းဆိုချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ လှုပ်ရှားမှုမှာ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေလည်း ရှိနေခဲ့ပါတယ်။ 

နိုင်ငံမှာ အလျင်အမြန် ကြီးထွားလာနေတဲ့ ဒီမိုကရေစီလိုလားတဲ့ လှုပ်ရှားမှုတစ်ရပ်ကို တုံ့ပြန်ဖို့အတွက် ဥပဒေမူကြမ်း ပြုပြင်ပြောင်းလဲရေး ကော်မတီတစ်ခု ဖွဲ့စည်းဖို့ ဥပဒေပြုအမတ်တွေ မဲခွဲဆုံးဖြတ်မယ်လို့ မျှော်လင့်ခဲ့ရတာဖြစ်ပါတယ်။ 

ဒါပေမယ့် အဆိုပြုထားတဲ့ ပြင်ဆင်ချက် ခြောက်ချက်ကို ထပ်မံ လေ့လာသုံးသပ်ဖို့အတွက် ပါလီမန် ကော်မတီတစ်ခု ဖွဲ့ဖို့ အာဏာရပါတီက အဆိုပြုခဲ့ချိန်မှာတော့ ဒီဖွဲ့စည်းပုံပြင်ဖို့ ဆုံးဖြတ်ချက်ကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ 

ပါလီမန်အပြင်ဘက်မှာ ရှိနေခဲ့တဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေအနက်  စီစဉ်သူတစ်ဦးဖြစ်တဲ့  တာတပ် ဖို့ဒ် ရူအန်ပရာပိုင်ကစ်ဆာရီကတော့ အစိုးရဟာ အချိန်ဆွဲဖို့ ကြိုးစားနေပြီဖြစ်တယ်လို့ ပြောသွားပါတယ်။ 

“ဒါကို ကြည့်မယ်ဆိုရင် ထိုင်းပြည်သူတွေကို သူတို့ရဲ့ မရိုးသားမှုတွေကို ထုတ်ပြလိုက်တာပါပဲ” လို့ ၎င်းက ပြောသွားပါတယ်။ 

ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့လတွေအတွင်း ကျောင်းသားတွေ ဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲ လှုပ်ရှားမှုတစ်ရပ် ကြီးထွားလာခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စုဝေးပွဲတစ်ခုမှာ ဆိုရင် လူပေါင်း ၃၀,၀၀၀ လောက် ပါဝင်ခဲ့ကြတဲ့အတွက် ဒါဟာ ၂၀၁၄ အာဏာသိမ်းပြီးနောက်ပိုင်း အကြီးဆုံး ဆန္ဒထုတ်ဖော်ပွဲ ဖြစ်ခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly