ဂျပန်နိုင်ငံဝင်ခွင့်ကန့်သတ်ချက်ကို အောက်တိုဘာလကစ၍ ဖြေလျှော့ပေးနိုင်

ဂျပန်နိုင်ငံဝင်ခွင့်ကန့်သတ်ချက်ကို အောက်တိုဘာလကစ၍ ဖြေလျှော့ပေးနိုင်
Photo - AFP

စက်တင်ဘာ ၂၄ 

၂၀၂၀ တိုကျိုအိုလံပစ် ကျင်းပရေးကော်မတီနဲ့ ဂျပန်အစိုးရတို့ဟာ တစ်နှစ်နောက်ဆုတ်ထားတဲ့ အိုလံပစ်ပွဲအတွက် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး တန်ပြန်အစီအမံတွေကို စက်တင်ဘာလ ၂၃ ရက်က ဆွေးနွေးခဲ့ကြပါတယ်။  

ဂျပန်အစိုးရဟာ နိုင်ငံခြားသားတွေ ပိုမိုဝင်ရောက်လာနိုင်ဖို့အတွက် အောက်တိုဘာလကစပြီး တင်းကျပ်ထားတဲ့ နိုင်ငံအဝင်အထွက်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ စဉ်းစားလျက်ရှိတယ်လို့ ဒေသမီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ကြပါတယ်။ 

ဂျပန်ဟာ စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ရှေးရှုနေပြီး ရွှေ့ဆိုင်းထားရတဲ့ အိုလံပစ်ပွဲအတွက် ပြင်ဆင်နေစဉ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို တားမြစ်ထားဆဲဖြစ်ပြီး ကာလရှည်ဗီဇာကိုင်ဆောင်ထားသူတွေကိုသာ ဝင်ခွင့်ပြုထားတာဖြစ်ပါတယ်။  

ဒုတိယကက်ဘိနက်အတွင်းဝန်ချုပ်ဖြစ်တဲ့ ကာဇုဟီရို ဆုဂိတာက “ဒီကနေ့ ကျွန်တော်တို့ အားကစားသမားတွေနဲ့ပတ်သက်တဲ့ တန်ပြန်အစီအမံတွေကို ဆွေးနွေးသွားမှာပါ။ တိုကျိုအိုလံပစ်ကျင်းပချိန်မှာ ဗိုင်းရပ်စ်တိုက်ဖျက်ရေးစီမံချက်တွေနဲ့ လေ့ကျင့်မှုလိုမျိုး လှုပ်ရှားမှုတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အားကစားသမားတွေ ဘေးကင်းလုံခြုံစိတ်ချရတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံး အစွမ်းပြနိုင်ကြမှာဖြစ်ပါတယ်။ အားကစားသမားတွေဟာ အိုလံပစ်ပွဲမှာ အခရာကျတဲ့သူတွေပါ။ သူတို့တွေ ဘယ်လိုနည်းနဲ့ အန္တရာယ်ကင်းတဲ့အခြေအနေမှာ အကောင်းဆုံး ကစားနိုင်မလဲဆိုတာ အစိုးရအနေနဲ့ ခင်ဗျားတို့ကိုလည်း စဉ်းစားစေချင်ပါတယ်” လို့ အစည်းအဝေးမှာပြောခဲ့ပါတယ်။  

ဂျပန်ဟာ အခုလောလောဆယ်မှာ နိုင်ငံအများစုက နိုင်ငံခြားသားဧည့်သည်တွေကို တားမြစ်ထားဆဲဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်နဲ့ ထိုင်ဝမ်အပါအဝင် နိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကိုသာ ဝင်ခွင့်ပြုထားတာဖြစ်ပါတယ်။ 

အစိုးရအနေနဲ့ နိုင်ငံအားလုံးက ဗီဇာကိုင်ဆောင်ထားသူတွေကို ဝင်ခွင့်ပြုဖို့ စဉ်းစားနေတယ်လို့ အဆာဟိရှင်ဘွန်း သတင်းစာမှာ ဖော်ပြထားပါတယ်။ 

တခြားဒေသမီဒီယာတွေမှာတော့ ဆိုက်ရောက်တွေကို တစ်နေ့ ၁ ၀၀၀ ခန့် သတ်မှတ်ပြီး အနည်းဆုံး သုံးလနေထိုင်ခွင့်ပေးမယ်လို့ ရေးသားဖော်ပြနေပေမယ့် လူဝင်မှုကြီးကြပ်ရေးအေဂျင်စီက အဆိုပါသတင်းတွေကို အတည်မပြုနိုင်သေးပါဘူး။  

လာမယ့်ဇူလိုင်လမှာ ကျင်းပဖို့ လျာထားတဲ့ တိုကျိုအိုလံပစ်အားကစားပွဲအတွက် အားကစားသမားနဲ့ပွဲကြည့်ပရိသတ်တွေရဲ့ ဆိုက်ရောက်မှု ၊ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းရလဲဆိုတာကိုတော့ အစိုးရနဲ့ အိုလံပစ်ကော်မတီအဖွဲ့ ဆွေးနွေးနေကြဆဲဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly