ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းယာဆိုင်နှင့်လမ်းဘေးဈေးဆိုင်များ မနက်ဖြန်စပိတ်ရမည်

ရန်ကုန်တိုင်းအတွင်းရှိ ကွမ်းယာဆိုင်နှင့်လမ်းဘေးဈေးဆိုင်များ မနက်ဖြန်စပိတ်ရမည်

စက်တင်ဘာ ၂၃ရက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွမ်းယာဆိုင်များနှင့်လမ်းဘေးဈေးဆိုင်များအားလုံး စက်တင်ဘာ ၂၄ရက်မှ စတင်ကာ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ညွှန်ကြားထားကြောင်း သိရသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှုလျော့ချနိုင်ရေးအတွက် အိမ်ပြင်ထွက်သွားလာမှုကို တင်းကြပ်စွာ ကန့်သတ်လိုက်သည့် (Semi- Lockdown) ပြုလုပ်သော်လည်း ပြည်သူအချို့မှာ လိုက်နာမှုအားနည်သောကြောင့် စက်တင်ဘာလ ၂၄ ရက်နေ့မှ စတင်ကာ အမိန့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာစေရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း မင်္ဂလာတောင် ညွန့်မြို့နယ်  လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မဇ္ဈိမကို ပြောသည်။

 “အဓိကကတော့ ရပ်ကွက်တွေမှာရှိနေတဲ့ ကွမ်းယာဆိုင်တို့၊ လမ်းဘေးဈေးဆိုင်တို့ ဒါတွေအကုန်လုံးကို မနက်ဖြန်ကစပြီး လုံးဝရောင်းခွင့်မပေးတော့ဘူး။ အဓိကကတော့ Stay at Home ဥပဒေရှိတယ်လေ ပြည်ထောင်စုက ထုတ်ပြန်တာ။ အဲ့ဒါကို အတိအကျလိုက်နာဖို့ပေါ့အတွက် မနက်ဖြန်ကစမှာပါ။ အခုကတော့ ပြောရမယ်ဆိုရင် တစ်ချို့နေရာတွေမှာ ဆိုင်တွေ၊ ဈေးဆိုင်တွေ ဖွင့်တယ်။ လူတွေကလည်း တစ်အိမ်တစ်ယောက်ပဲ သွားရမယ်ဆို ပေမယ့် သွားနေကြတာပဲလေ။ အဲ့ဒါကို တိတိကျကျလုပ်ဖို့ပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက  ပြောသည်။

ပုစွန်တောင်မြို့နယ်အတွင်းရှိ ဖွင့်ထားသော ကွမ်းယာဆိုင်များကို မြို့နယ်စည်ပင်သာယာရေးကော်မတီက  စက်တင်ဘာလ ၂၃ ရက်နေ့တွင် လိုက်လံအသိပေးထားပြီး ပိတ်သိမ်းခြင်းမရှိပါက ထိရောက်စွာအရေးယူ သွားမည်ဖြစ်ကြောင်း ပုစွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူက မဇ္ဈိမကို ပြောသည်။

 “ဒီနေ့ဆိုင်တွေအကုန်လုံးကို လိုက်ပြောပြီးပြီ။ မနက်ဖြန်ကစပြီး အကုန်ပိတ်ရမယ်။ မပိတ်ရင် ထိရောက်စွာ အရေးယူမယ်ဆိုတာ ။ဖွင့်ရင် ဆိုင်ကို ပစ္စည်းတွေအကုန်သိမ်းသွားမယ်။ ကိုဗစ်လိုကာလမှာ အဲဒီလိုဆိုင်တွေကို မှတ်တမ်းယူထားမယ်။ သတ်မှတ်ထားတဲ့ စည်ပင်ဥပဒေအပြင် လိုအပ်ရင် ကိုဗစ်ကော်မတီကိုပါ အကြောင်း ကြားပြီး ကိုဗစ်ဥပဒေအပြင်ကို ဒီ၁၄ ရက်ကို စည်းကမ်းမဲ့ဖွင့်တဲ့ ဆိုင်တွေကို ကိုဗစ်ငြိမ်သွားရင် ဈေးရောင်းချခွင့်လုံးဝဆုံးရှုံးတဲ့အထိ အရေးယူခံရမှာပါ”ဟု ၎င်းက ပြောသည်။

အလားတူ  စမ်းချောင်းမြို့နယ်အတွင်းရှိ ကွမ်းယာဆိုင်များပိတ်သိမ်းရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာ ၂၃ နံနက်ပိုင်းက လိုက်လံအသိပေးမှုများလုပ်ဆောင်ခဲ့ကြောင်း ကွမ်းယာဆိုင်ဖွင့် လှစ်ရောင်းချသူများက ပြောသည်။

“ကျွန်တော်တို့ ဒီကဆိုင်တွေကိုလည်း ဆိုင်ပိတ်ဖို့ မနက်က စည်ပင်ဝန်ထမ်းတွေလာပြီးပြောသွားတယ်။ဆိုင်မ ဖွင့်ဖို့နဲ့ ဖွင့်ရင်အရေးယူမယ်ဆိုတာကို ပြောသွားတယ်။ကျွန်တော်တို့လည်း သူတို့ပြောပြီးတာနဲ့ ချက်ချင်းပဲ ဆိုင်ပိတ်လိုက်တယ်။” ဟု ကိုမြင့်ဦးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်အားလုံးကို မိမိအိမ်တွင်သာနေထိုင်ရေး (Stay at Home) အမိန့်ထုတ်ပြန်ထားပြီး ဆေးဝါး၊ စားသောက်ကုန်ပစ္စည်းနှင့် မရှိမဖြစ်ပစ္စည်းများကိုသာ ဈေးများတွင် ရောင်းချခွင့်ပြုထားကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း ၆၉၅၈ ဦးနှင့် သေဆုံးသူ ၁၂၉ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly