ကိုဗစ်ရောဂါကြောင့် ယခုနှစ် ကယား ‘အဲ့ဒိုပေါ်မီ’ ပွဲတော်ကို အကျဉ်းချုံး ကျင်းပမည်

ကိုဗစ်ရောဂါကြောင့် ယခုနှစ် ကယား ‘အဲ့ဒိုပေါ်မီ’ ပွဲတော်ကို အကျဉ်းချုံး ကျင်းပမည်

စက်တင်ဘာ ၂၃၊ ၂၀၂၀

ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် ကယားတိုင်းရင်းသား မျိုးနွယ်စုများ နှစ်စဉ် ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည့် (၈) ကြိမ်မြောက် စုပေါင်း အဲ့ဒိုပေါ်မီ (ခေါ်) ဒီးကူ ပွဲတော်ကို ယခုနှစ်တွင် အကျဉ်းချုံးသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ခူးဖဲသူးက ပြောသည်။

“ဒီလမှာပေါ့နော်၊ ခါတိုင်းနှစ်လိုမျိုး ကျွန်တော်တို့ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပနိုင်ခြင်းတော့ မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ COVID-19 ရောဂါကြောင့်ပေါ့လေ၊ အကျဉ်းချုံးလောက်ပဲ ကျင်းပဖို့ ရှိပါတယ်” ဟု ပြောသည်။

အဲ့ဒိုပေါ်မီ ပွဲတော်ကို ယခု စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ ၃၀ ရက်နေ့အထိ ဖရူဆိုမြို့နယ် တောင်ဘက် လောပလျားလဲ ကျေးရွာတွင် ကျင်းပရန် စီစဉ်ထားပြီး ပွဲကျင်းပရေး ကော်မတီနှင့် သက်ဆိုင်ရာ ရပ်မိရပ်ဖ အပါအဝင် ကျေးရွာများမှ လာရောက်မည့် ဒေသခံများကို လူဦးရေ အကန့်အသတ်ဖြင့် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခင်နှစ်ကကဲ့သို့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ နောင်လိုင် ကျေးရွာတွင် (၇) ကြိမ်မြောက် ကျင်းပခဲ့သည့် စုပေါင်း အဲဒိုပေါ်မီ ပွဲတော်ကဲ့သို့ ယဉ်ကျေးမှုနှင့်ဆိုင်သော ရိုးရာပြခန်းများ ပါဝင်တော့မည် မဟုတ်ကြောင်း ခူးဖဲသူးက ပြောသည်။

အဆိုပါ (၇) ကြိမ်မြောက် ကျင်းပခဲ့သည့် စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော်ကို ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ဦးရွှေမျိုးသန့်တို့ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဲ့ဒိုပေါ်မီ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍ “အဲ့” ဆိုသည်မှာ မိတ်သဟာယများကို ဖိတ်ခေါ်ခြင်း၊ “ဒို” ဆိုသည်မှာ ဝါရှောင်ခြင်း၊ “ပေါ်မီ” ဆိုသည်မှာ မကောင်းဆိုးဝါးများ မောင်းထုတ်ခြင်းတို့ကို ဆိုလိုခြင်း ဖြစ်ကြောင်း ဖရူဆိုမြို့ နယ် စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ခူးပကူးက ရှင်းပြသည်။

တချိန်က ကယား (ကရင်နီ) လူမျိုးများ၏ “ဖိုဒီးကရီး” အရှင်သခင်ကို ရိုင်းပျစွာ ဆက်ဆံခဲ့သော ယွန်းလူမျိုးများသည် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ကြပြီး ထိုအခြေအနေတွင် ကရင်နီလူမျိုးတို့က “ဒီးကူ” ခေါ် ကိုင်းပင် တစ်မျိုး၏ အရွက်ဖြင့် ကောက်ညှင်းကို ထုပ်ကာ ချည်နှောင် ချက်ပြုတ်ထားပြီး မပုပ်မသိုးဘဲ ကြာရှည် အထားခံနိုင်အောင် ရိက္ခာအဖြစ် အသုံးပြုကာ ယွန်းလူမျိုးများကို နေ့ရောညပါ အဆက်မပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ယင်းအတွက် “ဖိနှိပ်မူမှ လွတ်မြောက်သည့် အထိမ်းအမှတ်” အနေဖြင့် ဒီးကူပွဲကို နှစ်စဉ် ကျေးရွာတိုင်း ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

“စုပေါင်း အဲ့ဒိုပေါ်မီ ပွဲတော် ဆိုတာက ကျွန်တော်တို့ရဲ့ လူမျိုးတိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ ရိုးရာပွဲတော် ဖြစ်တဲ့အတွက် နံပါတ် ၁ ကတော့ လွတ်လပ်ရေးကို အသိအမှတ် ပြုတယ်။ ဒီရွာ တစ်ရွာ ဒီပွဲကို မလုပ်ပါနဲ့ခင်ဗျာ သွားပြော ရင် ကျွန်တော့်ကို သတ်လိုက်ပါလို့ သူပြောတာနဲ့ အတူတူပဲ” ဟု ခူးပကူးက ပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly