ကိုဗစ်စည်းမျဉ်းနဲ့အညီ တည်ခင်းဧည့်ခံတဲ့ ဘယ်လ်ဂျီယံက ဝေဟင်စားသောက်ဝိုင်း  

ကိုဗစ်စည်းမျဉ်းနဲ့အညီ တည်ခင်းဧည့်ခံတဲ့ ဘယ်လ်ဂျီယံက ဝေဟင်စားသောက်ဝိုင်း  
Photo - AFP

စက်တင်ဘာ ၂၃ 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က La Villa in the Sky ဆိုတဲ့ စားသောက်ဆိုင်မှာ သွားစားရင် သင်ဟာ ဝေဟင်ထဲမှာ စားသောက်ရတဲ့ အတွေ့အကြုံကို ရရှိမှာဖြစ်ပါတယ်။  

စားသောက်ဆိုင်ကိုလာတဲ့ ဧည့်သည်တွေအနေနဲ့ အမြင့်မီတာ ၅၀ ( ၁၆၄ ပေ) ထိ ရောက်ရှိသွားတဲ့ စားသောက်ဝိုင်းမှာ ထိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်စည်းမျဉ်းတွေနဲ့အညီ ဘေးကင်းစွာနဲ့ ပျော်ပျော်ရွှင်ရွှင် စားသောက်နိုင်မှာဖြစ်ပါတယ်။ 

La Villa in the Sky ဆိုင်မှာ အခုလို ဝန်ဆောင်မှုမျိုးကိုတော့  အောက်တိုဘာလအထိ ရနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။  

ဆိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မိုက်ကယ်ချီချယ်က “ကိုရိုနာဗိုင်းရပ်စ် စဖြစ်တော့ အခြေအနေနဲ့ လိုက်လျောညီထွေအောင်တော့ လုပ်ရမယ်လို့ သိလိုက်ပါတယ်။ ဒါကြောင့် အစိုးရထုတ်ပြန်တဲ့ စည်းမျဉ်းတွေ အထူးသ ဖြင့် လူ ငါးယောက်အထက်ပိုမစုရဆိုတဲ့ သတ်မှတ်ချက်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ခု ကျွန်တော့်နောက်မှာမြင်နေရတဲ့ စားသောက်ဝိုင်းလိုမျိုး လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုံဖော်ထားတဲ့ စားသောက်ဝိုင်းမှာတော့ တစ်ဝိုင်းကို လေးယောက်စီနဲ့ အချင်းချင်း သုံးပေနဲ့ ငါးပေကြား ခြားထားပါတယ်။ ဧည့်သည်တွေအားလုံးကို အကောင်းဆုံးအခြေအနေနဲ့ ကြိုဆိုခွင့်ရတာပေါ့” လို့ပြောပါတယ်။ 

La Villa in the Sky ရဲ့ စားဖိုမှူးဖြစ်တဲ့ အလက်ဇန္ဒြားက “ကျွန်တော်တို့ တိတိကျကျလုပ်ဆောင်ရပါတယ်။ ဒီဆိုင်မှာ စည်းမျဉ်းတွေလည်းသတ်မှတ်ထားပြီး နှစ်ဆလောက် သတိထားရပါတယ်။ ဘာမှမေ့လို့မရပါဘူး။ တကယ်လို့ မီနူးထဲမှာ အသားပဲဖြစ်ဖြစ် တစ်ခုခုထည့်ဖို့မေ့သွားရင်  အသားစားရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အစစအရာရာ သုံးကြိမ်လောက်ပြန်စစ်ဆေးပြီး အမှား လုံးဝမရှိအောင် လုပ်ရပါတယ်” လို့ပြောပါတယ်။  

ဝေဟင်စားသောက်ဝိုင်းလာထိုင်တဲ့ ဧည့်သည် အယ်လီနာက  “ကျွန်မ နည်းနည်းတော့ စိုးရိမ်မိပါတယ်။ ဒါပေမယ့် နောက်ဆုံး အပေါ်ကို‌ရောက်သွားတော့ တကယ့်ကို ပျော်ရွှင်သွားပါတယ်” လို့ဆိုပါတယ်။  

နောက်ထပ်ဖောက်သည်တစ်ဦးဖြစ်တဲ့ ရှာရွန်ကလည်း “ ကျွန်မ အောက်ကို ငုံ့မကြည့်ရဲဘူး၊ ကျွန်မက အမြင့်ကြောက်တယ်လေ။ ဒါပေမယ့် ခုလို စွန့်စားရတာကိုပဲ ပျော်နေတာ” လို့ သူမရဲ့ ခံစားချက်ကို ဝေမျှခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly