မာလီလွတ်လပ်ရေး နှစ် ၆၀ ပြည့်မှာ စစ်အာဏာသိမ်းခေါင်းဆောင်က ဆန်ရှင်ရုပ်သိမ်းပေးဖို့ တောင်းဆို 

By AFP
23 September 2020
မာလီလွတ်လပ်ရေး နှစ် ၆၀ ပြည့်မှာ စစ်အာဏာသိမ်းခေါင်းဆောင်က ဆန်ရှင်ရုပ်သိမ်းပေးဖို့ တောင်းဆို 
Photo - AFP

စက်တင်ဘာ ၂၃

မာလီနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အသွင်ကူးပြောင်းရေး အစိုးရရဲ့ သမ္မတသစ်နဲ့ ဒုတိယသမ္မတတို့ကို ကြေညာပြီး နောက်ရက်မှာ နိုင်ငံလွတ်လပ်ရေး နှစ် ၆၀ ပြည့်အခမ်းအနားကို ကျင်းပပါတယ်။ 

လွတ်လပ်ရေး အခမ်းအနားမှာ အာဏာရ စစ်အစိုးရခေါင်းဆောင်က မာလီအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေ ရုပ်သိမ်းပေးဖို့ အနောက်အာဖရိကနိုင်ငံများ စီးပွားရေးအသိုင်းအဝန်းကို တိုက်တွန်းတောင်းဆိုပါတယ်။ 

ပြီးခဲ့တဲ့လ စစ်အာဏာသိမ်းမှုအပြီး မာလီနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ စီးပွားရေး အကြီးအကျယ် အထိနာနိုင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆုံးသတ်ဖို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မှူးကြီး အစ္စမီဂိုအဲ့တာက အင်္ဂါနေ့မှာ တောင်းဆိုလိုက်တာပါ။ 

ကြားဖြတ်သမ္မတအဖြစ် အရပ်သားတစ်ဦးကို မကြာသေးခင်က ရွေးချယ်ခဲ့တာဟာ အနောက်အာဖရိကနိုင်ငံတွေအနေနဲ့ ၎င်းတို့ရဲ့ မာလီနိုင်ငံအပေါ် ကုန်သွယ်ခွင့် ပိတ်ပင်ထားတာကို အဆုံးသတ်ပေးရဖို့ပဲ ဖြစ်တယ်လို့ မာလီလွတ်လပ်ရေးနေ့ နှစ် ၆၀ ပြည့် အခမ်းအနားအတွင်း သတင်းထောက်တွေကို ဗိုလ်မှူးကြီး အစ္စမီဂိုအဲ့တာက ပြောပါတယ်။ 

ဩဂုတ်လ ၁၈ ရက်က သမ္မတ အီဘရာဟမ်ဘူဘာကာကီတာကို စစ်တပ်အရာရှိတွေက ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာ အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ အနောက်အာဖရိကကုန်သွယ်ရေးအဖွဲ့ ECOWAS ဟာ မာလီနယ်စပ်တွေကို ပိတ်ခဲ့ပြီး ကုန်သွယ်ရေး ကန့်သတ်ချက်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ 

မာလီအာဏာသိမ်းခေါင်းဆောင်တွေက အရပ်သားခေါင်းဆောင်တွေကို အလျင်အမြန် မခန့်အပ်မချင်း ကုန်သွယ်ရေးပိတ်ပင်ချက်တွေကို ဆက်လက်ချမှတ်ထားမှာ ဖြစ်တယ်လို့ ECOWAS အဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်မှာ အတိအလင်း ပြောလာပါတယ်။ 

“နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်တော်တို့ကို စောင့်ကြည့်နေတယ်။ ECOWAS ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ ဘာကြောင့် လက်ခံသလဲဆိုပြီးတော့ပါ။”လို့ ဂိုအဲ့တာက ပြောပါတယ်။ 

“လာမယ့်ရက်တွေမှာတော့ ECOWAS အနေနဲ့ မာလီပြည်သူတွေ စိတ်ကျေနပ်ဖို့အတွက် ဆန်ရှင်တွေကို ဖယ်ရှားရတော့မှာ ဖြစ်တယ်။”ဆိုပြီး သူက ပြောပါတယ်။ 

စစ်အစိုးရ ရွေးချယ်တဲ့ တာဝန်ရှိသူအဖွဲ့တစ်ဖွဲ့က ကြားဖြတ်သမ္မတအဖြစ် ဗိုလ်မှူးကြီးဟောင်း ဘာ့ရှ်နော်ကို ရွေးချယ်ခဲ့အပြီးမှာ ခုလို တောင်းဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly