သရုပ်ဆောင် နန္ဒာလှိုင်၏ မောင်နှင့် တူမတော်စပ်သူ အပါအဝင် ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

သရုပ်ဆောင် နန္ဒာလှိုင်၏ မောင်နှင့် တူမတော်စပ်သူ အပါအဝင် ၅ ဦးတွင် ကိုဗစ်ပိုးတွေ့

ရန်ကုန်၊ စက်တင်ဘာ ၂၃၊ ၂၀၂၀

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီနန္ဒာလှိုင်၏ မောင်တော်စပ်သူ ကိုစိန်ဖြိုးလှိုင်၊ အသက် ငါးနှစ်အရွယ် တူမတစ်ဦးနှင့် အိမ်အကူ သုံးဦး စုစုပေါင်း ၅ ဦးတို့တွင် ကိုဗစ်ရောဂါ ကူးစက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သရုပ်ဆောင် နန္ဒာလှိုင်၏ နေအိမ်ကိုလည်း အဝင်အထွက် ပိတ်ပင်မှု (lockdown) ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

“Lockdown ချထားတာ ကောင်းပါတယ်။ ကိုယ်တွေလည်း ဒီ ၁၄ ရက်မှာ ပိုးရှိခဲ့တယ်ဆိုရင်တောင် အကုန်ရှင်းသွားမှာပဲ။ ကိုယ့်မှာ ပိုးမရှိရင်လည်း ဘေးပတ်ဝန်းကျင်လည်း စိတ်ရှင်းတာပေါ့။ ဒီရက်ထဲမှာ အိမ်ရှိလူကုန် ကျန်းမာအောင်နေမယ် ဂရုစိုက်မယ်” ဟု ရုပ်ရှင်သရုပ်ဆောင် နန္ဒာလှိုင်က Facebook လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာလ ၂၃ ရက်နေ့က ရေးသားထားသည်။

နန္ဒာလှိုင်၏ ညီမတော်စပ်သူ ဒေါ်နွေးနွေးလှိုင်နှင့် ၎င်း၏ ခင်ပွန်း ဦးငွေဇော်တို့တွင် ပထမဆုံး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ မိဘများဖြစ်သည့် ဦးငွေဇော်နှင့် ဒေါ်နွေးနွေးလှိုင်တို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေ သည့်အတွက် ရောဂါပိုးရှိသူနှင့် ထိတွေ့မှုရှိခဲ့ပြီး ကျန်ရှိနေခဲ့သည့် ကလေး သုံးဦးမှာ ဟိုတယ် ကွာရန်တင်း ဆက်ဝင်နေခဲ့ရာ ဦလေးဖြစ်သူ ကိုစိန်ဖြိုးလှိုင်က ကလေးများကို စောင့်ရှောက်ရန် ဟိုတယ်ကွာရန်တင်း လိုက်ပါ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဦးငွေဇော်သည် ဆီးချို၊ သွေးတိုးရောဂါ အခံများနှင့် ကိုဗစ်ရောဂါကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကွယ်လွန်ခဲ့သည်။

ထို့နောက် ကိုစိန်ဖြိုးလှိုင်၊ အသက် ငါးနှစ်အရွယ် ကလေးတစ်ဦးနှင့် အိမ်အကူ သုံးဦးတို့တွင် ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၁၀ နှစ် ဝန်းကျင်ကလေးနှစ်ဦးနှင့် အသက် ၈၆ နှစ်အရွယ် အဘွားဖြစ်သူတို့တွင် ကိုဗစ်ပိုး မတွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကိုဗစ်ပိုးတွေ့ရှိရသော အသက် ငါးနှစ်အရွယ်ကလေးကို သူ၏ မိခင် ဒေါ်နွေးနွေးလှိုင် ဆေးကုသမှု ခံယူနေသည့် တောင်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်လိုက်ပြီး ကိုစိန်ဖြိုးလှိုင်မှာ သုဝဏ္ဏမြက်ခင်းတုကွင်းရှိ ဧရာဝတီ စင်တာတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ပိုးမတွေ့ရှိရသူများကို နောက်တစ်ကြိမ် တို့ဖတ်နမူနာ စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလည်း Positive ဆိုပေမယ့် အမေဆီ ရောက်သွားလို့ စိတ်အေးရပါပြီ” ဟု ကိုစိန်ဖြိုးလှိုင်က Facebook တွင် စက်တင်ဘာလ ၂၃ ရက်နေ့က ရေးသားထားသည်။

ဒေါ်နွေးနွေးလှိုင်နှင့် ခင်ပွန်းဖြစ်သူ ဦးငွေဇော်တို့မှာ သားသမီးများနှင့်အတူ အိမ်ခွဲနေထိုင်ခြင်း ဖြစ်သော်လည်း သရုပ်ဆောင် နန္ဒာလှိုင်တို့ မိသားစုမှာ ကလေးများနှင့် ထိတွေ့မှု ရှိခဲ့သောကြောင့် နေအိမ်မှာပင် ကွာရန်တင်းဝင်ခဲ့ ရာမှ ကလေးတစ်ဦးတွင် ပိုးတွေ့ခဲ့သောကြောင့် သရုပ်ဆောင် နန္ဒာလှိုင်၏ နေအိမ်ကို lockdown ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly