ထရမ့်ဟာ ကုလသမဂ္ဂမှာ နိုင်ငံရေးဗိုင်းရပ်စ် ဖြန့်နေတယ်လို့ တရုတ် စွပ်စွဲ 

ထရမ့်ဟာ ကုလသမဂ္ဂမှာ နိုင်ငံရေးဗိုင်းရပ်စ် ဖြန့်နေတယ်လို့ တရုတ် စွပ်စွဲ 
Photo - AFP

စက်တင်ဘာ ၂၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂမှာ “နိုင်ငံရေးဗိုင်းရပ်စ်” တစ်မျိုး ပျံ့အောင် ဖြန့်နေတယ်ဆိုပြီး တရုတ်က စက်တင်ဘာ ၂၂ ရက်မှာ စွပ်စွဲပြောကြားလိုက်ပါတယ်။ 

ဒီမတိုင်မီ အမေရိကန်သမ္မတ ထရမ့်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ပတ်သက်လို့ ပေကျင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောကြားမှု လုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။ 

“နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို အမှန်တကယ် အပြင်းအထန် တိုက်နေရတဲ့အချိန်မှာ အမေရိကန်ကတော့ ဒီ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံရေးဗိုင်းရပ်စ် တစ်မျိုးကို လာဖြန့်နေပါတယ်” လို့ ကုလဆိုင်ရာ တရုတ်သံအမတ် ကျန်းကျွန်က သတင်းထောက်တွေကို ပြောသွားပါတယ်။ 

“ကျွန်တော် အထူး အလေးပေးပြောချင်တာက အမေရိကန်ရဲ့ အသံဗလံဟာ အထွေထွေညီလာခံ  အဝန်းအဝိုင်းနဲ့ သဟဇာတမဖြစ်ဘူးဆိုတာပါပဲ” လို့ တရုတ်သံအမတ်က ပြောပါတယ်။ 

ကုလ အထွေထွေညီလာခံကို ပြောကြားတဲ့ ကြိုတင်အသံဖမ်းထားတဲ့ ထရမ့်ရဲ့ မိန့်ခွန်းထဲမှာတော့ “တရုတ်ဗိုင်းရပ်စ်” လို့ သူ ပြောခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနဲ့ပတ်သက်လို့ ပေကျင်းကို ပြစ်တင်ဝေဖန်ထားပါတယ်။ 

မဲဆွယ်စည်းရုံးပွဲတစ်ခုလိုမျိုး ဆင်တူတဲ့ ၎င်းရဲ့မှတ်ချက်ပြောစကားတွေထဲမှာတော့ ထရမ့်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြန့်မှုအတွက် တရုတ်ကို ကမ္ဘာက အရေးယူရမယ်လို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။ 

ဒေါ်နယ်ထရမ့်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါ နဲ့ပတ်သက်လို့ တရုတ်ကို အပြစ်တင်ဖို့ ထပ်တလဲလဲ ကြိုးပမ်းထားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အမေရိကန်မှာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် သေဆုံးသူ နှစ်သိန်းကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly