ဝူဟန်၌ ညဘက်အပန်းဖြေရပ်ကွက်များ ပြန်လည်စည်ကားလာ 

ဝူဟန်၌ ညဘက်အပန်းဖြေရပ်ကွက်များ ပြန်လည်စည်ကားလာ 

စက်တင်ဘာ ၂၃ 

ကိုဗစ်-၁၉ ဗဟိုချက်ဖြစ်ခဲ့သည့် ဝူဟန်မြို့၏ ညဘက်အပန်းဖြေရပ်ကွက်များတွင် လူများ စတင်စည်ကားလာပြီဖြစ်သောကြောင့် တရုတ်နိုင်ငံသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေဟန်ရှိသည်။  

သောကြာနေ့ (စက်တင်ဘာ ၁၈ ရက်) က ရိုက်ကူးထားသော ဓာတ်ပုံများအရ ဝူဟန်မြို့ရှိ အချို့သောကလပ်များတွင် ပါတီပွဲကျင်းပနေပုံများကို တွေ့မြင်နိုင်သည်။ ဒစ္စကိုဘားများတွင်လည်း လူများပြည့်ကျပ်စည်ကားနေပြီး ပါးစပ်နှာခေါင်းစည်း တပ်သူရှိသလို မတပ်သူများလည်း ရှိသည်။  

A DISCO BAR IN WUHAN ON SEPT. 18, 2020. PHOTO: GETTY IMAGES

ဝူဟန်တွင် ဒေသခံ ၉.၉ သန်းကို ရောဂါစစ်ဆေးစမ်းသပ်ပြီးနောက် ဗိုင်းရပ်စ်ကင်းစင်ပြီဖြစ်ကြောင်း အာဏာပိုင်များက ဇွန်လတွင် ကြေညာခဲ့သည်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့် မြို့အဖြစ် လူအများသိကြသည့် ဝူဟန်တွင် မေလလယ်မှစ၍ ဒေသတွင်းကူးစက်မှု ကင်းစင်ခဲ့သည်။ ၇၆ ရက်ကြာ ချမှတ်ခဲ့သည် လော့ဒေါင်းကိုလည်း ဧပြီ ၈ ရက်တွင် ပယ်ဖျက်ပေးခဲ့သည်။  

ဧပြီလနှောင်းပိုင်းတွင် အများပြည်သူသွားလာရာနေရာများ၌ ကန့်သတ်ထားခြင်းကို စတင်ဖြေလျှော့ပေးခဲ့သည်။ ဝူဟန်အား စီးပွားရေးနှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုများ အပြည့်အဝပြန်လည်စတင်ရန် အာဏာပိုင်များက ရှုမြင်ခဲ့ကြသည်။ ဝူဟန်၌ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများနှင့် ကာရာအိုကေဆိုင်များအပါအဝင် လုပ်ငန်းမျိုးစုံ ပြန်လည်အသက်ဝင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက Bloomberg သတင်းတွင် ဖော်ပြခဲ့သည်။  

တရုတ်သည် နေရာတစ်ခုသို့ မဝင်ရောက်မီ ကျန်းမာရေးကုဒ်ပြသနိုင်ရန်လိုအပ်သော  ခြေရာခံစနစ်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။  စားသောက်ဆိုင်၊ ဈေးဆိုင်နှင့် ရုပ်ရှင်ရုံကဲ့သို့သော အများပြည်သူပိုင်နေရာများတွင် လက်သန့်ဆေးရည်နှင့်ပိုးသတ်ဆေးများကို ထားရှိထားသည်ဟု တရုတ်အစိုးရပိုင် Global Times သတင်းစာတွင် ဖော်ပြထားသည်။ သို့သော် ယခုအချိန်တွင် ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သောကြောင့် ကလပ်ကဲ့သို့သော နေရာများရှိ လူများသည် နှာခေါင်းစည်းကို အမြဲတပ်ဆင်ထားခြင်း မရှိသလို အချင်းချင်း ခပ်ခွာခွာနေခြင်းများလည်း မရှိပေ။

SOME PARTYGOERS WEAR FACEMAKS WHILE OTHER DON'T, TAKEN ON SEPT. 18, 2020 IN WUHAN, HUBEI PROVINCE, CHINA. PHOTO: GETTY IMAGES 

ဩဂုတ်လက ဝူဟန် အပန်းဖြေဥယျဉ်ရှိ Maya Beach တွင် ရေပါတီကျင်းပခဲ့သဖြင့် လူအများက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။  ဝူဟန်တွင် ပုံမှန်အခြေပြန်လည်ရောက်ရှိမှုကို မြင်ရသည့်အတွက် တချို့က ဝမ်းမြောက်ကြသော်လည်း ပါတီပွဲတက်သူများက ခပ်ခွာခွာမနေကြသည့်အတွက် တရုတ်နိုင်ငံပြင်ပမှလူများကို အထိတ်တလန့်ဖြစ်စေခဲ့သည်။  

ဝူဟန်စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာသည့်အမျှ ၎င်းပြည်နယ် ဟူပေတွင် ခရီးသွားလုပ်ငန်းဆွဲဆောင်မှုတစ်ရပ်အဖြစ် ယခုနှစ်ကုန်အထိ နိုင်ငံခြားသားဦးရေ ၄၀၀ ကို အခမဲ့ သွားလာခွင့်ပေးမည်ဖြစ်သည်။ ဧည့်သည်များကိုလည်း နေရာဝင်ဆံ့ပမာဏာ၏ ၅၀ ရာခိုင်နှုန်းအထိသာ ခွင့်ပြုထားပြီး ကိုယ်အပူချိန်တို်ငးတာခြင်းများ မဖြစ်မနေ လုပ်ဆောင်ရသည်။  

တရုတ်တွင် လတ်တလော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအရေအတွက် ဆက်လက်ကျဆင်းလျက်ရှိသောကြောင့် စိတ်ချလုံခြုံသွားဟန်ရှိသည်။ စက်တင်ဘာ ၂၁ ရက်အထိစာရင်းအရ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၅ ၂၉၁ ဦးနှင့် သေဆုံးသူ ၄ ၆၃၄ ဦးရှိသွားပြီဖြစ်သည်။ ရောဂါပျောက်ကင်းသက်သာသူ ၈၀ ၄၈၄ ဦးရှိကာ ကုသဆဲလူနာ ၁၇၃ ဦးရှိသည်။ သို့သော် တရုတ်အစိုးရသည် ထိုကဲ့သို့သော သတင်းအချက်အလက်များကို လျှို့ဝှက်တတ်သဖြင့် တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများအပေါ် အများက သံသယရှိနေကြသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly