ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဒေါ်လာ ၃၅ ဘီလီယံကျော် လိုအပ်သော်လည်း ၃ ဘီလီယံသာ ရရှိသေးဟု  WHO ပြော 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ဒေါ်လာ ၃၅ ဘီလီယံကျော် လိုအပ်သော်လည်း ၃ ဘီလီယံသာ ရရှိသေးဟု  WHO ပြော 
Photo - The Indian Express

စက်တင်ဘာ ၂၃ ၊၂၀၂၀

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကျောထောက်နောက်ခံပြုသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ရေးနှင့် အားလုံးရရှိအောင် ဖြန့်ဝေပေးနိုင်ရေး လုပ်ငန်းစဉ်အတွက် အမှန်အားဖြင့် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံကျော် လိုအပ်ခြင်း ဖြစ်သော်လည်း  လက်ရှိ ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေ ထည့်ဝင်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံသာ ရရှိသေးသည်။ 

COVAX Facility ဟုခေါ်သော အဆိုပါ လုပ်ငန်းစဉ်သည် ပိုပြီး အလားအလာရှိသော ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ဆဲကာကွယ်ဆေးများအား အရှိန်မြှင့်တင် သုတေသနပြု စမ်းသပ်ထုလုပ်ရေးနှင့် ဆေးဝါးထွက်ရှိသည့်အခါ ပူးပေါင်းပါဝင်ထားကြသော နိုင်ငံအားလုံး ညီတူမျှတူ ရရှိနိုင်ရေးအတွက် ရည်ရွယ်သည်။ 

အမေရိကန်ကဲ့သို့သော ချမ်းသာသည့် နိုင်ငံအချို့က ပို၍ အလားအလာကောင်းသည်ဟု ၎င်းတို့ ရှုမြင်သော စမ်းသပ်ဆဲ ကာကွယ်ဆေးများအပေါ် ပို၍ သုတေသနပြုနိုင်ရေးအတွက် ရန်ပုံငွေများ မတည်ပြီး အောင်မြင်ခဲ့လျှင် ၎င်းတို့နိုင်ငံများ ဆေးဝါးများ ရရှိပြီး အာမခံချက်ရှိအောင် လုပ်ဆောင်နေစဉ် WHO အနေဖြင့် COVAX Facility လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် ချည်းကပ်လာခြင်းပဲ ဖြစ်သည်။ 

WHO ၏ လုပ်ငန်းစဉ်သာ အောင်မြင်ခဲ့မည်ဆိုပါက ဆင်းရဲသော နိုင်ငံများအနေဖြင့်လည်း နောက်ဆုံးအဆင်သင့်ဖြစ်ချိန်တွင် ဆေးဝါး မရရှိမှု ရှိလိမ့်မည် မဟုတ်ပေ။ လုပ်ငန်းစဉ်၏ ရည်မှန်းချက်မှာ နိုင်ငံအချို့က ပြည်သူတွေအားလုံး ကာကွယ်ဆေး ရရှိခြင်းထက် အားလုံးသောနိုင်ငံများမှ ဦးစားပေး အလိုအပ်ဆုံး ဖြစ်နေသော ပြည်သူများ ကာကွယ်ဆေး ရရှိရေးကို ကျိန်းသေစေရန် ဖြစ်သည်။ 

သို့သော်လည်း WHO ၏ ယင်း လုပ်ငန်းစဉ်ကို နိုင်ငံတော်တော်များများက စိတ်ဝင်စားကြောင်း ပြသော်လည်း လုပ်ငန်းစဉ်သို့ အမှန်တကယ် ရန်ပုံငွေထည့်ဝင် ရင်းနှီးမြုပ်နှံကြရာတွင်မူ လက်သင့်ခံလောက်သည့် အဆင့်ထိအောင် မရှိခဲ့ကြပေ။  

WHO အကြီးအကဲ တက်ဒရော့စ်က ယခု လုပ်ငန်းစဉ်၌ ပိုပြီး ပါဝင်ကြရန် နိုင်ငံများစွာကို မေတ္တာရပ်ခံပြီး ယင်းသည် ချို့တဲ့သူများကို ကူညီပေးသည့် လုပ်ငန်းစဉ် မဟုတ်ဘဲ နိုင်ငံတိုင်းအတွက် အကောင်းမွန်ဆုံးသော အကျိုးစီးပွားသာ ဖြစ်သည်ဟု တနင်္လာနေ့က ပြောဆိုခဲ့သည်။ 

“ခုထိတော့ ဒေါ်လာ ၃ ဘီလီယံပဲ ရပါသေးတယ်။ ဒါဟာ အစခြေလှမ်းမှာဆိုတော့ အလွန်အောင်မြင်တယ်လို့ ပြောရမယ်။ ဒါပေမယ့် တကယ်လိုအပ်တာက ဒေါ်လာ ၃၅ ဘီလီယံ ရှိတာမို့ ဆယ်ပုံတစ်ပုံ ပြည့်အောင်တောင် မရရှိသေးတာပါပဲ။”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly