ကယားပြည်နယ်ရှိ ကွာရန်တင်းစင်တာများမှ ရက်မပြည့်ပဲထွက်ပြေးပါက သဘာဝဘေးအန္တရာယ် ဥပဒေနှင့် အရေးယူမည်ဟုဆို

ကယားပြည်နယ်ရှိ ကွာရန်တင်းစင်တာများမှ ရက်မပြည့်ပဲထွက်ပြေးပါက သဘာဝဘေးအန္တရာယ် ဥပဒေနှင့် အရေးယူမည်ဟုဆို

စက်တင်ဘာ ၂၂

ကယားပြည်နယ်အတွင်း Quarantine ဝင်ရောက်သူများ အနေဖြင့် သတ်မှတ်ရက်အပြည့် မနေဘဲ ထွက်ပြေးခြင်းအပါအဝင် ကွာရန်တင်း စင်တာများမှ သတ်မှတ်ထားသော စည်းကမ်းချက်များကို မလိုက်နာပါက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေနှင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ရက်က လားရှိုးမြို့မှ လွိုင်ကော်မြို့သို့ ပြန်လည်ဝင်ရောက်လာပြီး လွိုင်ကော်မြို့ရှိ community based facility quarantine center တွင်ဝင်ရောက်နေသည့် နွားလဝိုးကျေးရွာအုပ်စု ထီလောခူကျေးရွာမှ အမျိုးသားတစ်ဦးသည် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများကို ရန်ပြုပြီး ထွက်ပြေးခဲ့သည့် အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ၂၆/၂၉ ဖြင့်အရေးယူထားကြောင်း သိရသည်။  

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုများ ရှိနေသော်လည်း  ကယားပြည်နယ်မှာမူ လက်ရှိအချိန်အထိ တစ်ခုတည်းသော ကိုဗစ်ကင်းစင်ပြည်နယ်အဖြစ် ရပ်တည် လျှက်ရှိသည်။

 “ ပြည်နယ်အစိုးရက ထုတ်ပြန် လိုက်တာဟုတ်ပါတယ်။ Quarantine မဝင်ကတည်းက ဘာတွေလုပ်ရမယ်၊ ဘာတွေ ဆောင် ရွက်ရမယ် ဆိုတာတွေကို ရှင်းပြပြီးသားဖြစ်တယ်။ အရင်တုန်းကတော့ ကူးစက်နဲ့စွဲပါဆိုပြီး တစ်နိုင်ငံလုံးကို ညွှန်ကြား ထားတာရှိတယ်။ ဒုတိယလှိုင်းဖြစ်တဲ့အချိန်မှာကူးစက်နဲ့မစွဲနဲ့တော့ တစ်ပြေးညီ သဘာဝဘေး အန္တရာယ်နဲ့စွဲပါ ဆိုပြီး ပြန်ညွှန်ကြားထားတာပါ။ လုံခြုံရေးကိုလည်း ပိုပြီးတော့ ဆောင်ရွက်ထား ပါတယ်” ဟု လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးစီးမှူး ဦးရန်နိုင်ဝင်းက မဇ္ဈိမ သို့ပြောသည်။

ကယားပြည်နယ်အတွင်း ပိုးကင်းစင်နေခြင်းသည် ပြည်သူလူထုနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်ဖြစ်ပြီး ကံကောင်းနေခြင်းကြောင့်လည်းဖြစ်ကြောင်း ၎င်းကပြောသည်။

ကယားပြည်နယ်အတွင်း အဝင်အထွက်စောင့်ကြည့်နေသည့် ဂိတ် ၁၀ခုခန့်ရှိပြီး လွိုင်ကော်မြို့နယ်အတွင်း စောင့်ကြည့်သည့် ဂိတ် ၃ခုရှိကြောင်း သိရသည်။ ဘီလူးချောင်းအတွင်းတွင်လည်း ရေကင်း ၂၄နာရီစောင့်ကြည့်ပြီး လုံခြုံရေးကို အထူးကြပ်မတ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly